အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီက လက်နက်ကြီးပစ်၊ ဖားကန့်ဒေသခံ ၁ ဦး သေဆုံးကာ ၇ ဦးဒဏ်ရာရ 

စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယခုလ ၂၃ ရက်က နှစ်ကြိမ်တိုင် မိုင်းဆွဲ တိုက်ခိုက်ခံရသည့် စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်စဉ် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးကာ အခြားသူ ၇ ဦး ထိခိုက်ဒဏ်ရာရသွားသည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်အနောက်ဘက် စပေါ့ရွာအနီးတွင် စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်သလို မလှမ်းမကမ်းရှိ သောင်းကော့ရွာအနီးရောက်လာသည့် စစ်ကြောင်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။​

မိုင်းဆွဲတိုက်ခိုက်ခံရစဉ် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသည်ဟု ဖားကန့်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကော်မတီဝင်ဖြစ်သူ ထိုအမျိုးသားက ပြောသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။​

မိုင်းကွဲသည့်နေရာဝန်းကျင်ကို စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကုန်းက ပစ်ခတ်ရာ သောင်းကော့ရွာအတွင်း လက်နက်ကြီးကျည် ၆ လုံး ကျရောက်ပေါက်ကွဲကာ ဒေသခံများ ထိခိုက်သည့်အပြင် နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးသည်ဟု သိရသည်။

၄၇ နှစ်အရွယ် သောင်းကော့ရွာသားတစ်ဦး သေဆုံးခဲ့ပြီး အခြားသူများလည်း ဒဏ်ရာရသည်ဟု အထက်ပါ သပိတ်ကော်မတီဝင် အမျိုးသားကပင် ပြောသည်။​

“သေတဲ့တစ်ယောက်က သောင်းကော့ရွာသားပဲ၊ ကိုတာတီးတဲ့။ လက်နက်ကြီးစက သူ့ရင်ဘက်ကို ဖောက်ထွက်သွားတာ။ နောက်ပြီး ကျွန်တော့်အသိ ဒဏ်ရာရတဲ့ လင်မယားနှစ်ယောက်ရယ် သူတို့ရဲ့ ညီမလေးတစ်ယောက်ရယ်လည်း ထိတယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၇ ဦးခန့်ရှိပြီး သောင်းကော့နှင့် ကောင်ဆန်ရွာမှ ဒေသခံအများအပြားမှာ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ယမန်နေ့ နံနက်တွင် တိုက်ပွဲဖြစ်ရာ သောင်းကော့ရွာနှင့်အနီးရှိ မြန်မာတကောင်းကုမ္ပဏီ၏ ကျောက်စိမ်းလုပ်ကွက်သို့ စစ်ကောင်စီတပ်ဖွဲ့ ၁၀၀ ခန့်ရောက်ရှိနေပြီး ဒေသခံအချို့ ဖမ်းဆီးခံရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။​

“နတ်မှော်ဘက်ကနေ ကောင်ဆန်ဘက်ကို တက်လာတဲ့ စစ်ကြောင်းက အဲဗားဝင်းနားကုမ္ပဏီဘက်ကနေ ဖြတ်ပြီးတော့ အဲဒီလမ်းမှာတွေ့တဲ့ သူတွေကို အကုန်ဖမ်းသွားတာ” ဟု အထက်ပါ ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၄၀ ခန့်ရှိသည်ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

ဖားကန့်မြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် အနန့်ပါဆိုသော နေရာတွင် ပြီးခဲ့သည့်လအတွင်းက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သေဆုံးသူ တစ်ရာကျော်ခဲ့သည်။

ထိုဖြစ်စဉ်အပြီး နာမည်ကျော် ကျောက်စိမ်းနယ်မြေအတွင်း နှစ်ဖက်စစ်အင်အားဖြည့်တင်းမှုများနှင့်အတူ စစ်ရေးအခြေအနေ တင်းမာလာပြီး အပြန်အလှန်ဖမ်းဆီးသတ်ဖြတ်မှုများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်လာသည်။

အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသကို လွှမ်းမိုးနိုင်ရေးနှင့် ရှိပြီးသား အကျိုးစီးပွားများကို ကာကွယ်နိုင်ရေး စစ်ကောင်စီဘက်က စစ်ရေးအရေ ပြင်ဆင်နေသည်ဟု စောင့်ကြည့်လေ့လာသူတို့က ဆိုသည်။ 

ဖားကန့်ဒေသ အခြေအနေနှင့် ပတ်သက်၍ KIA ပြန်ကြားရေးတာဝန်ခံ​ ဗိုလ်မှူးကြီးနော်ဘူကို ယမန်နေ့ (နိုဝင်ဘာ ၂၄) နေ့တွင် ဆက်သွယ်မေးမြန်းရာ၌ “စစ်ရေးကတော့ တော်တော်လေးတင်းမာနေတယ်။ တိုက်ပွဲလည်း ခဏခဏဖြစ်တယ်” ဟု ဖြေကြားသည်။ 

ယမန်နေ့ နံနက်ပိုင်း၌ပင် ဖားကန့်အရှေ့ဘက် မိုင် ၃၀ ကျော်အကွာ ကားမိုင်းမြို့ရှိ စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ဝန်ထမ်းတစ်ဦး သေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရသည်ဟု ဒေသခံတို့ထံမှ သိရသည်။​

သေဆုံးသူမှာ ထွေအုပ်စာရေး ခွန်နော်ထူးဆိုသူဖြစ်ပြီး ဦးမိုးကျော်သန်းဆိုသူမှာ ခြေထောက်တွင် ဒဏ်ရာရကြောင်း၊ ပေါက်ကွဲမှုဖြစ်ပြီးနောက် ကာမိုင်းဗျူဟာကုန်းမှနေ၍ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း သိရသည်။​

ယခုလ ၁၅ ရက်ကလည်း ဖားကန့်နှင့် မိုးညှင်းမြို့နယ်အကြားတွင် စစ်တပ်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ကာ PDF စခန်းငယ်အချို့ လက်လွှတ်ခဲ့ရသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button