သတင်း

စစ်တွေတွင် လုံခြုံရေးတင်းကျပ်၊ အဖမ်းအဆီးများနေ

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်ခတ်ခံရပြီးနောက် စစ်တွေမြို့အဝင်အထွက်ကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး ဒေသခံများကိုလည်း ဆက်တိုက်ဖမ်းဆီးနေသည်ဟု မြို့ခံများက ပြောသည်။

ယခုလ ၆ ရက် ညပိုင်းက စစ်တွေမြို့ ရှုခင်းသာလမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ငါးလုပ်ငန်းဦးစီးမှုး ဦးသက်ဦးကို အမည်မသိ သေနတ်သမားများ ပစ်ခတ်စဉ် ပြင်းထန်ဒဏ်ရာရှိပြီးနောက် ဒေသခံများ ဆက်တိုက်ဖမ်းဆီးခံနေရခြင်းဖြစ်သည်။

ယင်းညတွင်းချင်းပင် စစ်တွေမြို့မှ Arakan Blood Donor –ABD အသင်း၏ သွေးတာဝန်ခံ ဦးသန်းလွင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အလားတူ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်၊ သုခကာရီဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်

ဆရာတော်အပါအဝင် သံဃာတော် (၃) ပါး၊ ကျောင်းတွင် တည်းခိုနေသူ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့သည်။ သံဃာ ၄ ပါးကို ပြန်လွှတ်ပေးလိုက်သော်လည်း အမျိုးသား ၃ ဦးကို ဆက်ဖမ်းထားဆဲဖြစ်သည်။

နိုဝင်ဘာ ၇ ရက်တွင်လည်း စစ်တွေမြို့ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သေးသည်။

နိုဝင်ဘာ ၁၁ ရက်တွင် စစ်တွေမြို့ ဓညဝတီ (က) ရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းနှင့် အသောကရာမ ဘုန်းတော်ကြီးကျောင်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ညအချိန် ဝင်ရောက်လာကာ ဘုန်းကြီးကျောင်းတွင် နေထိုင်သည့် တက္ကသိုလ်ကျောင်းသားများ အပါအဝင် လူငယ် ၉ ဦးကို ဖမ်းဆီးခဲ့ပြန်သည်။

လက်ရှိတွင် သူတို့ ၉ ဦးကို စစ်တွေမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး မိသားစုနှင့် တွေ့ခွင့်မရပေ။

“ကျောင်းတက်ရင်း အလုပ်လုပ်နေကြသူတွေပါ။ အခု ဘာမှန်းမသိဘဲ ဖမ်းဆီးခံနေရတယ်။ ရဲစခန်းကို သွားပြီး စားစရာတွေ သွားပို့ရင်လည်း တွေ့ခွင့်မရဘူး။ အပြစ်မရှိရင် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

နိုဝင်ဘာ ၁၂ ရက်ညတွင် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က စစ်တွေမြို့၊ တရားသီးစုရပ်ကွက်တွင် နေထိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ အသက် ၄၃ နှစ်အရွယ် ဦးဇော်နိုင်ဝင်းကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီးမှုများကို မည်သည့်အတွက် ဖမ်းဆီးသည်၊ ဖမ်းဆီးထားသူအချို့ မည်သည့်နေရာတွင် ရောက်နေသည်၊ မည်သည်ပုဒ်မများဖြင့် တရားစွဲဆိုထားသည်ကိုမူ မသိရသေးပါ။

“အခုဆိုရင် စစ်တွေမှာ ညမထွက်ရအမိန့် မရှိပေမဲ့ ည၇ နာရီကျော်ရင် လူတွေ အပြင်မထွက်တော့ဘူး ဖမ်းဆီးခံရတာတွေ ဆက်တိုက်ဖြစ်နေတော့ လူတွေ စိုးရိမ်ရတယ် ဆိုင်တွေမှာလည်း CCTV မဖြစ်မနေ တပ်ရမယ်လို့ ညွှန်ကြားချက်ထုတ်ထားတယ်” ဟု စစ်တွေမြို့မှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်တွေမြို့ရှိ မည်သည့်ဈေးဆိုင်မဆို ည ၁၀ နာရီမထိုးမီ ပိတ်သိမ်းကြရန်နှင့် မလိုက်နာပါက ဥပဒေအရ အရေးယူခံရမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်တွေမြို့ အဝင်အထွက်ကိုလည်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ကာ ကားများကို ရှာဖွေစစ်ဆေးလျက်ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

စစ်တွေတက္ကသိုလ်တွင် တက်ရောက်မည့် နယ်မြို့များမှ ကျောင်းသူကျောင်းသားများမှာ စစ်တွေသို့ လာမရဖြစ်နေပြီး ကျောင်းအပ်ရန် အခက်အခဲဖြစ်နေသည်ဟု ကျောင်းသားမိဘများက ပြောသည်။ အလားတူ စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်မည့် ကျောင်းသားကျောင်းသူများလည်း စစ်တွေမြို့တွင် သောင်တင်နေသည်ဟု ဆိုကြသည်။

စစ်တွေတက္ကသိုလ်တွင် တက်ရောက်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းအပ်လက်ခံမည့်နေ့ကို နိုဝင်ဘာ ၁၈ ရက်နေ့ဟု သတ်မှတ်ထားသော်လည်း နိုဝင်ဘာ ၃၀ ရက်နေ့အထိ ထပ်တိုးပြန်လည်သတ်မှတ်ထားကြောင်း ကျောင်းသားများသမဂ္ဂ (စစ်တွေတက္ကသိုလ်) က နိုဝင်ဘာ ၁၇ ရက်နေ့က အသိပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button