သတင်း

ဖားကန့်တွင် စစ်ဗိုလ်နှင့်အဖွဲ့ ပစ်ခတ်ခံရ၊ နှစ်ဦးသေပြီး တစ်ဦး အဖမ်းခံရ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယမန်နေ့(နိုဝင်ဘာ ၁၇) မွန်းလွဲပိုင်းက စစ်တပ်အရာရှိပါဝင်သော အိမ်သုံးကားတစ်စီး သေနတ်ဖြင့် ပစ်ခံရရာ နှစ်ဦးသေပြီး တစ်ဦးကို ပစ်ခတ်သည့်အဖွဲ့က ဖမ်းသွားသည်။

ကျောက်စိမ်းမြေ ဖားကန့်၊ ယူမာရပ်ကွက် စားသောက်ဆိုင်တစ်ခုမှ ထွက်လာသည့် တိုယိုတာ Crown ယာဉ်မှာ ထိုရပ်ကွက်၌ပင်ရှိသည့် ပတ္တမြားနဂါးဟိုတယ်အနီးတွင် လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှ စုံစမ်းသိရှိရ သည်။

“ကားကတော့ မြောင်းထဲ ပစ်ကျသွားတယ်။ နှစ်ယောက်ကတော့ သေတယ်၊ တစ်ယောက်က အရှင်ဖမ်းခေါ်သွားတာဗျ” ဟု တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူ အသက် ၄၀ အရွယ် အမျိုးသားက မျက်မြင်အချို့ကို ကိုးကား၍ ပြောသည်။

ထိုယာဉ်ပေါ်တွင် ဗိုလ်အဆင့်ရှိသူတစ်ဦး၊ အခြားနှစ်ဦး လိုက်ပါလာပြီး သေဆုံးသူ၊ ဖမ်းဆီးခံရ သူ မည်သူဖြစ်သည်ကို ခွဲခြားမသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်မှုဖြစ်သည့် နေ့တွင်းချင်း ထိုနေရာသို့ ရောက်မလာသော်လည်း   ယနေ့(နိုဝင်ဘာ ၁၈) နံနက်မှ အင်အား ၃၀ ခန့်ဖြင့်ရောက်လာပြီး ပျက်သွားသည့်ကားကို ပြန်ယူသွားသည်ဟု ဒေသခံ သတင်းရင်းမြစ်နှစ်ဦးထံမှသိရသည်။

စစ်ဗိုလ်ကားကို ပစ်ခတ်၊ ဖမ်းဆီးသွားသည့်အဖွဲ့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဖြစ်နိုင်သည်ဟု ၎င်းတို့က ခန့်မှန်းကြသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယနေ့(နိုဝင်ဘာ ၁၈)တွင် ဖားကန့်မြို့အတွင်း စစ်ကောင်စီက လမ်းအချို့ကိုလည်း ပိတ်ဆို့ထားသည်၊ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ရာ အရပ်သား မော်တော်ယာဥ်တစ်စီးအနီး လက်နက်ကြီးကျည် ကျခဲ့သည်ဟု ဒေသတွင်း သတင်းများကဆိုသည်။

“(ယနေ့ နံနက် ၁၀ နာရီက) ဖားပြင် ဥရုချောင်းစက်လှေဂိတ်နားမှာ (အနီးအနားက) ကုမ္ပဏီထဲကနေ လက်နက်ကြီးနဲ့ လှမ်းထုတာ၊ ကားဘေးနားကျကွဲတာ”ဟု အထက်ပါ အမျိုးသားက ပြောသည်။

“ကျွန်တော်တို့လူက ကားရဲ့အရှေ့ ပေ ၂၀ လောက်မှာရှိတော့ မီးခိုးတွေကို မွှန်သွားတာပဲ၊ ကားက‌ တော့ ဘာမှမဖြစ်ဘူ၊ ကောင်မလေးတစ်ယောက် မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကလည်း မောင်းပြေးသွားတယ်။ ထိမထိတော့ မသိလိုက်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့တွင် ဖားကန့်၊ ဆိုင်းတောင်ဘက်သို့လည်း စစ်ကောင်စီက တပ်အင်အား အချို့ ပို့လွှတ်ထား ကြောင်း၊ ဝှေခါကျေးရွာအနီးတွင် စစ်တပ်ကတပ်စွဲကာ မိုင် ၇၀ ကျော်ရှိ ဖားကန့် -မိုးညှင်း လမ်းမ ကို ပိတ်ဆို့ထားကြောင်း အသက် ၄၀ ကျော် ဒေသခံအမျိုးသမီးတစ်ဦးထံမှသိရသည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း မြန်မာနိုင်ငံ မြောက်ဖက်စွန်း တောတောင် ထူထပ်သည့် ကချင်ပြည်နယ်၌ စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေရာ ဖားကန့်မြို့ဝန်းကျင်သည်လည်း အပါအဝင်ဖြစ်သည်။

စစ်ကောင်စီက တော်လှန်ရေးအဖွဲ့ဝင်များကို ပစ်မှတ်ထားဖမ်းဆီးနေပြီး နိုဝင်ဘာ ၁၃ ရက်ကပင် မြစ်ကြီးနားမြို့ပေါ်ရှိ KTV တစ်ခုတွင် ၁၆ဦးကို ဖမ်းဆီးရာ ထိုအထဲတွင် KIA အရာရှိများ ပါဝင်သည်ဟု သိရသည်။

နိုင်ငံအနှံ့ စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက သက်တမ်းရင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့  KIA အခြေစိုက်ရာ ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကို အားပြုနေရပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။

အောက်တိုဘာ ၂၃ ရက်ကပင် ဖားကန့်မြို့ အရှေ့မြောက်ဘက် ၁၀ မိုင်အကွာ အနန့်ပါ ဒေသတွင်ပြုလုပ်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၆၂ နှစ်ပြည့် အထိမ်းအမှတ် ဖျော်ဖြေပွဲကို တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲ၍ ၆၂ ဦးထက်မနည်း သေဆုံး၊ ၁၀၀ကျော် ဒဏ်ရာရဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button