နိုင်ငံတကာသတင်းသတင်း

အမေရိကန်နှင့် တရုတ်သမ္မတများ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံ၊ ကမ္ဘာ့ပြဿနာများ ပူးပေါင်းဖြေရှင်းမည်

ရာသီဥတုဖောက်ပြန်မှုနှင့် စားနပ်ရိက္ခာ မလုံလောက်မှုကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို အမေရိကန်နှင့် တရုတ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် နိုဝင်ဘာ ၁၄ ရက်ညက အမေရိကန်သမ္မတနှင့် တရုတ်သမ္မတ ရှိကျင့်ဖျင်တို့ ၃ နာရီကျော်ကြာ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂ လက ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ်တို့ ဆက်ဆံရေးတင်းမာခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ်တို့ ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်ဖွင့်ထားမည်ဖြစ်ပြီး နှစ်နိုင်ငံသမ္မတများ ပုဂ္ဂိုလ်ရေးအရတွေ့ဆုံမှုမျိုးမကဘဲ နှစ်နိုင်ငံအစိုးရအဖွဲ့ဝင်များအကြား ဆက်ဆံရေးတိုးမြှင့်ရန် အခွင့်အလမ်းများ ရှိနေသည်ဟု အမေရိကန်သမ္မတက ဆိုသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကျွန်းသို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက သွားရောက်ခဲ့ပြီးနောက် အမေရိကန်−တရုတ်ဆက်ဆံရေး အတင်းမာဆုံးအချိန်ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံကလည်း ထိုင်ဝမ်ကျွန်းအနီး တိုက်လေယာဉ်များ ပျံသန်းစေကာ၊ ကျွန်းအနီးတွင်လည်း စစ်သင်္ဘောများစေလွှတ်ကာ စစ်ရေးပြပြီး Nancy Pelosi  ၏ ခရီးစဉ်ကို ကန့်ကွက်ကြောင်း ပြသခဲ့သည်။

ယင်းတင်းမာမှုအပြီး ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်သမ္မတတို့ ယခုအကြိမ်တွင် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ထိုင်ဝမ်ကို တရုတ်က ဝင်တိုက်မည်ဟု မယူဆဘဲ ထိုင်ဝမ်ရေလက်ကြားကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် လိုအပ်သည်ဟုလည်း အမေရိကန်သမ္မတက သတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။

“ကျွန်နော့်ဘာပြောတယ် ဘာကိုဆိုလိုတယ်ဆိုတာ ခေါင်းဆောင်တွေအားလုံးကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ် အထူးသဖြင့် ရှီကျင့်ဖျင်နဲ့ပေါ့ ဒါမှ နားလည်မှုမလွဲမှာပါ အရေးကြီးဆုံးကတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ပါပဲ” ဟု အမေရိကန်သမ္မတက ဆိုသည်။ 

သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် တရုတ် ၂ နိုင်ငံကြား ရိုးသားပွင့်လင်းသည့် ဆွေးနွေးမှုများ ဆက်လက်ရှိဖို့ မျှော်လင့်သည်ဟု သမ္မတဂျိုးဘိုင်ဒန်က ဆိုပြီး ရှီကျင့်ဖျင်ကမူ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများနှင့် ဒေသတွင်းပြဿနာများကို ပွင့်ပွင့်လင်းလင်းနှင့် ဆွေးနွေးအဖြေရှာရန် အသင့်ဟု ပြောဆိုသည်။

အမေရိကန်သမ္မတနှင့် တရုတ်သမ္မတတို့သည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသည့် စက်မှုထိပ်သီးနိုင်ငံများ၏ G20 အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်သည်။

အမေရိကန်သမ္မတသည် ထိုအစည်းအဝေးမတိုင်ခင်တွင် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သေးသည်။ ထိုအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များနှင့် နိုဝင်ဘာ ၁၂ ရက်က တွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေး ဆက်လက် ကူညီသွားမည်ဟု ဂျိုးဘိုင်ဒန်က ဆိုသည်။

မြန်မာ့အရေးနှင့် ပတ်သက်သည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရန် အာဆီယံနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု ဂျိုးဘိုင်ဒန်က ဆိုပြီး အာဆီယံကမူ အဆိုပါ ဘုံသဘောတူညီချက်များကို ဖြစ်လာရန် နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်ပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button