
ယနေ့ (နိုဝင်ဘာ ၁၄) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားစဉ် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။
မွန်းတည့် ၁၂ နာရီခွဲခန့်တွင် မြို့နယ်မြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာ ရှေးဟောင်းသမိုင်းဝင် ဝက်ကျိန်းဘုရားအရှေ့ဘက် မောင်တော – ဗန္ဓုလ သို့ ဆက်သွယ်ထားသည့် ကားလမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့နောက် မွန်းလွဲ ၃ နာရီခန့်တွင် ထိုနေရာသို့ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး နာရီဝက်ခန့် လာရောက် ပစ်ခတ်ခဲ့သည်ကို မြင်တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“တိုက်ပွဲက နေ့လယ်ပိုင်းကနေ ဖြစ်နေတာ။ ရဟတ်ယာဉ် နှစ်စီးက ၃ နာရီကျော်လောက်မှာ ရောက်လာပြီးတော့ အဲဒီအနီးဝန်းကျင်ကို အပေါ်က ဝဲပျံပြီးတော့ ပစ်နေတယ်။ အခုလည်း ပစ်နေတာကို မြင်နေရတယ်။ ရွာကလူတွေက အားလုံးကြောက်ပြီးတော့ ပုန်းနေကြတယ်” ဟု ထိုမျက်မြင်ဒေသခံက ယနေ့ ညနေ ၄ နာရီခန့်တွင် Myanmar Now ကို ပြောသည်။
AA က ရန်အောင်ပြင်ဘက်မှ မောင်တောမြောက်ပိုင်းသို့ တက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ထိုနေရာနှင့် မိုင်ဝက်ခန့်ကွာမှ ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရသည်။
“ရန်အောင်ပြင်ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတစ်ခုကို ဝက်ကျိန်းချောင်းတံတားကို မရောက်ခင်မှာ AA က ဝိုင်းပြီးတော့ တိုက်တာလို့ သိရတယ်။ တိုက်ပွဲက အကြီးအကျယ်ဖြစ်နေတာ” ဟု ထိုသူက ဆိုသည်။
ထိုအနီးဝန်းကျင်တွင် ယခုရက်ပိုင်း တိုက်ပွဲ ၃ ကြိမ် အပြင်းအထန်ဖြစ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီရက်ပိုင်းအတွင်းကလည်း ဝက်ကျိန်းချောင်းထဲမှာ တစ်ပွဲ ရန်အောင်ပြင်ရွာနားမှာ တစ်ပွဲ ဖြစ်ပြီးပြီ။ အခု ဒီနေ့လည်း ၁၂ နာရီခွဲလောက်ကနေ ဝက်ကျိန်းချောင်းကို မရောက်ခင် ကားလမ်းဘေးက ရေကန်နားမှာ ဖြစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။
ထိုတိုက်ပွဲဖြစ်ပွားနေသည့် နေရာအနီး နေထိုင်ကြသော မြိုတိုင်းရင်းသားများမှာ မြဝတီကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သူက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၀၊ မွန်းလွဲ ၃ နာရီခန့်ကလည်း ရန်အောင်ပြင်ရွာအနီး ဗျူဟာကုန်းအဖြစ် အထိုင်ချရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း ရန်အောင်ပြင်ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ် ၂ လုံး မီးလောင်ခဲ့သည်။
“အခုတိုက်ပွဲဖြစ်နေတဲ့နေရာအနီးမှာ ရန်အောင်ပြင်ရွာ၊ မင်းကြီးရွာ၊ မြဝတီ၊ ခုံတိုင်ရွာ စတဲ့ရွာတွေရှိတယ်။ အဲဒီရွာက လူတွေက ဘယ်ကိုမှ ပြေးလို့မရဘူး။ ပြေးဖို့လမ်းလည်း မရှိဘူး။ ပိတ်မိနေကြသလိုပါ။ တိုက်ပွဲဖြစ်နေတာကို အနီးကပ်ကြားနေရတော့ အားလုံးက ကြောက်နေကြတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
“အသက်ကြီးပိုင်းတွေ၊ ပြီးတော့ ကလေးတွေဆိုရင် လက်နက်ကြီးအသံတွေကြားလို့ ကြောက်လန့်ပြီး တုန်လှုပ်နေကြတာမျိုးပါ။ အဲဒီနေရာကနေ မောင်တောမြို့ပေါ်ကို ရှောင်မယ်ဆိုရင်လည်း အဲဒီလမ်းပေါ်မှာ ဖြစ်နေတာတိုက်ပွဲက။ လမ်းကလည်း အဲဒီတစ်လမ်းပဲရှိတာ” ဟု သူက ဆက်ပြောသည်။
ယနေ့ ညနေ ၄ နာရီအထိ ရန်အောင်ပြင်ကျေးရွာနမှ၂ မိုင်ခွဲခန့်အကွာရှိ ကြိမ်ချောင်းဗျူဟာအပါအဝင် ဝက်ကျိန်းဘုရားတောင်ကုန်းပေါ်တွင် ရှိသော စစ်ကောင်စီတပ်စခန်းများကလည်း လက်နက်ကြီးများဖြင့် အဆက်အပြတ် ပစ်ကူပေးနေကြောင်း သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)