သတင်း

ကွပ်မျက်ခံရသူများ ၃ လပြည့်နေ့ ဆွမ်းကပ်သည့် အင်းစိန်မှ နိုင်ကျဉ်းများနှိပ်စက်ခံရ

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် သေဒဏ်ပေးခံခဲ့ရသူ ၄ ဦးအတွက် ၃ လပြည့်ဆွမ်းကပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၂၁ ဦး ရိုက်နှက်ခံရပြီး ၎င်းတို့ထဲမှ ဦးဆောင်သူများ တိုက်ပိတ်ခံရသည်။ 

အောက်တိုဘာ ၂၃ ရက်က လက်ပတ်မည်းများဝတ်ဆင်ကာ အကျဉ်းထောင်အတွင်း ဆွမ်းကပ်သည့် နိုင်ငံရေးအကျဉ်းသား ၂၁ ဦးကို ထောင်ဝန်ထမ်းများက နှိပ်စက်ကြကြောင်း၊ ဦးဆောင်သူ ၄ ဦးကို ခြေထောက်တွင် သံဒေါက်တပ်ပြီး အလင်းရောင်နှင့် လေဝင်လေထွက် မရှိသလောက် နည်းပါးသည့် အခန်းကျဉ်းတွင် ပိတ်ထားလိုက်ကြောင်း ထောင်နှင့် နီးစပ်သူတစ်ဦးက ထောင်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ ပြောသည်။ 

တိုက်ပိတ်ခံရသည့် ကိုရဲရင့်ကို၊ ကိုရဲရင့်ဘို၊ ကိုဝသုံစံ၊ ကိုဟန်သာတို့ အလုပ်ကြမ်းများလုပ်ရသည့်အပြင် ထပ်မံရိုက်နှက်ခံရသည်ဟု ဆိုသည်။ 

“တိုက်ပိတ်ထားတဲ့အပြင် မြက်နုတ်ခိုင်းတယ်။ မြေကြီးပေါ်က ထမင်းအသိုးတွေပေါ် နင်းခိုင်းတယ်။ မိလ္လာခပ်ခိုင်းတယ်။ ကျင်းတူးခိုင်းပြီး လုပ်ကိုင်တာတွေ နှေးကွေးရင် (ထောင်အာဏာပိုင်များက) ရိုက်နှက် ခိုင်းစေကြပါတယ်” ဟု ၎င်းက  ပြောသည်။ 

တိုက်ပိတ်ခံထားရသူ ၄ ဦးနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြသည့် အခြားနိုင်ငံရေးအကျဉ်းသား ၁၇ ဦးလည်း ရိုက်နှက် စစ်ဆေးခံရပြီး နှစ်ယောက်တစ်တွဲ ခြေထောက်တွင် ဒေါက်တပ်ထားသည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

အကျဉ်းထောင်ထဲသို့ ဘုန်းကြီးပင့်ခွင့် မရသဖြင့် ခေတ်အဆက်ဆက် နိုင်ကျဉ်းများသည် ဆွမ်းကပ်လိုသည့်အခါ ထောင်ထဲသို့ ရောက်လာပြီး လူဝတ်လဲခံရထားသော်လည်း သိက္ခာမချသေးသည့်သံဃာများကို ဆွမ်းကပ်လေ့ရှိသည်။

အခြားထောင်တွင်းသတင်းရင်းမြစ်တစ်ဦးကလည်း ၃ လပြည့် အမှတ်တရအစီအစဉ်တွင် ပါဝင်သူတို့ကို ဝန်ထမ်းများက ပြင်းပြင်းထန်ထန် နှိပ်စက်ကြသည်ဟု ပြောသည်။ 

“တစ်ယောက်ချင်းစီကို ရိုက်နှက်နေတဲ့အသံတွေကို အပြင်ကနေ ကြားနေရတယ်။ အော်ကြ၊ ဟစ်ကြတဲ့ အသံတွေ” ဟု သူက ဆိုသည်။ 

“၂၄ ရက်နေ့ မနက်ကျတော့ ၁၇ ယောက်ကို မနက် ၈ နာရီကနေ ၁၁ အထိ စည်းကမ်း ၂၈ ချက်ကို မနားတမ်း ဆိုခိုင်းတယ်” 

အခြား ၁၇ ဦးမှာ ကိုသက်ကိုကိုထွေး၊ ကိုကျော်ကျော်ခန့်၊ ကိုစိုးကိုကို၊ ကိုအောင်ပြည့်စုံဦး၊ ကိုကျော်သက်ပိုင်၊ ကိုရဲလင်းအောင်၊ ကိုဇော်ဇော်ဟန်၊ ကိုဇေယျာဖြိုး၊ ကိုဖိုးကောက်၊ ကိုနတ်ဆိုး၊ ကိုရဲကျော်၊ ကိုJညီ၊ ကိုညီဇင်လတ်၊ ကိုချမ်းမြေ့ကိုကိုဇင်၊ ကိုအောင်မင်းခန့်၊ ကိုနိုင်ထာဝရ၊ ကိုအောင်ကိုမင်း ဆိုသူတို့ဖြစ်ပြီး ပုဒ်မ ၅၀၅ (က)၊ လက်နက်အမှုများဖြင့် စစ်ကောင်စီက စွပ်စွဲအကျဉ်းချထားသူများဖြစ်သည်။ 

ထို ၁၇ ဦးအနက် တချို့မှာ ရုံးချိန်းရှိသော်လည်း တရားခွင်သို့ ရောက်မလာကြောင်း  ထောင်တွင်း သတင်းရင်းမြစ်များနှင့် နီးစပ်သူကလည်း ပြောသည်။ 

“ရုံးထုတ်လာခြင်း မရှိပါဘူး။ ဆေးကုသခွင့်လည်း မရထားဘူးလို့ သိရပါတယ်။ ကျန်းမာရေးအခြေအနေ အသေးစိတ် မသိရပါဘူး” ဟု သူက ဆိုသည်။

အောက်တိုဘာ ၁၉ နံနက်က အင်းစိန်ထောင်ရှိ ပါဆယ်ပေးပို့ရသည့် နေရာတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ထောင်ဝန်ထမ်း ၃ ဦးနှင့် ထောင်ဝင်စာလာပို့သည့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင် ၅ ဦး သေဆုံးခဲ့သည်။ 

အဆိုပါဖြစ်စဉ်ကြောင့် ထောင်အာဏာပိုင်များက ထောင်ဝင်စာပေးပို့မှုကို နှစ်ပတ်နီးပါး ကန့်သတ် ပိတ်ပင်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှ ပြန်ဖွင့်ခဲ့သည်။ 

ဗုံးပေါက်ကွဲမှုအပြီးတွင် အင်းစိန်ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအပေါ် ပိုမို ဖိနှိပ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နေကြောင်း သိရသည်။ 

“နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး။ အကုန် အကျဉ်းသားတွေချည်းပဲ။ မင်းတို့ကို သတ်ပစ်လိုက်လို့ ရတယ်။ စာရွက် တစ်ရွက်ပဲ ကုန်မယ်” ဟု ထောင်အာဏာပိုင်များက ဆွမ်းကပ်ပွဲလုပ်ခဲ့သည့် နိုင်ကျဉ်းများကို ပြောဆိုခဲ့ကြောင်း အထက်ပါနီးစပ်သူက ဆက်ပြောသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက အောက်တိုဘာ ၃၁ အထိ လက်လှမ်းမီသလောက် ရှာဖွေမှတ်တမ်းတင်ထားချက်အရ စစ်ကောင်စီ ဆက်လက်ဖမ်းချုပ်ထားသည့် ပြည်သူ ၁၂၈၀၆ ဦး ရှိသည်၊ ၎င်းတို့အနက် ၁၆၁၂ ဦးကို ထောင်ဒဏ်များချမှတ်ထားသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button