
ဘုံသဘောတူညီချက် (၅) ရပ်ကို စစ်ကောင်စီ ဆက်လက် အကောင်အထည်ဖော်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ယနေ့ အောက်တိုဘာ ၂၇ တွင်ပြုလုပ်သည့် မြန်မာ့အရေး အရေးပေါ်ဆွေးနွေးပွဲက တိုက်တွန်းလိုက်ပြီး တစ်ဆင့်တိုး ဆုံးဖြတ်ချက်များအတွက် လာမည့်လ ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမည်ဟု ထုတ်ပြန်လိုက်သည်။
နိုင်ငံအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများ မြင့်တက်လာချိန်တွင် ထိုအထူးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးတွင် ခေါ်ယူကျင်းပခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံနိုင်ငံများက အစဉ်တစိုက် တိုက်တွန်းနေသည့် အကြမ်းဖက်မှုများရပ်တန့်ရေး၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး စသည့်အချက်များကို ဆက်လက် အကောင်အထည်ဖော်ရန်သာ စစ်ကောင်စီကို တိုက်တွန်းထားပြီး သိသာတိုးတက်သည့် ဆုံးဖြတ်ချက်မျိုး ထွက်မလာဘဲ ဖြစ်နေသည်။
အာဆီယံဘုံသဘောတူညီချက် ထွက်ပေါ်လာသည်မှာ ၁၆ လ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း စစ်ကောင်စီက လိုက်နာခြင်းမရှိသည့်အတွက် အာဆီယံခေါင်းဆောင်များ၏ မြန်မာအပေါ် ဩဇာသက်ရောက်မှုလည်း ကျဆင်းလာနေသည်။
မြန်မာ့အရေး အရေးပေါ်ဆွေးနွေးမှုနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အာဆီယံသည် မြန်မာ့အရေးရှေ့တိုးလုပ်ဆောင်နိုင်ရန် ခက်ခဲသည့်ဆုံးဖြတ်ချက်များ ချရမည့်အချိန် ရောက်နေပြီဟု သူ၏ အွန်လိုင်း လူမှုကွန်ရက်တွင် ရေးသားထားသည်။
ထို့အပြင် ယခုလ ၂၃ ရက်နေ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ လေကြောင်းတိုက်ခိုက်မှုသည် အလွန်စိုးရိမ်ဖွယ်ဖြစ်ခဲ့ရသည်၊ အာဆီယံဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ပေးရမည်ဟုလည်း သူက တိုက်တွန်းထားသည်ကို တွေ့ရသည်။
လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက မြန်မာ့အရေးဖြေရှင်းရန် အကြိမ်ကြိမ် စိတ်ပျက်ခဲ့ရပြီး မှော်အစွမ်းမရှိဟုလည်ကောင်း၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က စစ်ဗိုလ်ချုပ်များနှင့် ဆွေးနွေးခြင်းသည် အကျိုးမရှိ တရားခံအဖြစ်မခံနိုင်ဟုလည်းကောင်း ထုတ်ပြောခဲ့ပြီး ဖြစ်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း စစ်ကောင်စီကို ပြတ်ပြတ်သားသား အရေးယူရန် တိုက်တွန်းခဲ့သော်လည်း ပြတ်သားသည့် တိုးတက်မှုများ ဖြစ်မလာသေးပေ။
အာဆီယံသဘောတူညီချက်များ တိုးတက်မှုအလျှင်းမရှိသည့်အချိန်တွင် အာဆီယံခေါင်းဆောင်များက အားမလိုအားမရဖြစ်နေကြရာ စစ်ခေါင်းဆောင်က ထိုသဘောတူညီချက်များ အကောင်အထည်မပေါ်လာခြင်းမှာ ကိုဗစ်ကပ်ဘေးထိန်းချုပ်ရန် လုံးပန်းနေနေရခြင်းကြောင့်ဟုသာ ဆင်ခြေပေးထားသည်။
အာဆီယံဘုံသဘောတူညီချက်ကို ပြီးခဲ့သည့်ဧပြီလက ချမှတ်ခဲ့ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်ဟု ပါရှိသော်လည်း ပြီးခဲ့သည့်လ ၁၆ ရက်က မြန်မာနိုင်ငံအလယ်ပိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ကျောင်းသားကလေးငယ် ၇ ဦး သေဆုံးခဲ့ရသည်။
ထို့အပြင် အောက်တိုဘာ ၂၃ ရက်ကလည်း နိုင်ငံမြောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀ ကျော် ထိခိုက်သေဆုံးခဲ့ရပြီး အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြသည်။
အာဆီယံဘုံသဘောတူညီချက် ဖြစ်ပေါ်တိုးတက်မှုမရှိသော်လည်း နိုင်ငံအတွင်း သောင်းနှင့်ချီသော ပြည်သူ့အိုးအိမ်များကို စစ်ကောင်စီတပ်သားတို့က မီးရှို့နေရာ စစ်ပြေးဒုက္ခသည် အရေအတွက်မှာ တိုးတက်လာပြီး သန်းနှင့်ချီ အိုးမဲ့အိမ်မဲ ဖြစ်နေကြရသည်။
စစ်ခေါင်းဆောင်ကို နားချမှု မအောင်မြင်သည့်အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ စစ်ခေါင်းဆောင်နှင့် ယင်း၏လက်ထောက်များကို အာဆီယံက အရာသွင်းမဖိတ်ကြားခြင်းဖြင့်သာ ဖြေသိမ့်နေရသည်။
အာဏာသိမ်းဗိုလ်ချုပ်များသည် အာဆီယံ၏ တောင်းဆိုချက်ကို လျစ်လျူရှုထားလျှင်လည်း အာဆီယံက မြန်မာပြည်ကို ထုတ်ပယ်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အဖွဲ့ဝင်နိုင်ငံကို ထုတ်ပယ်နိုင်သည့် ပြဋ္ဌာန်းချက် အဖွဲ့တွင် မရှိသေးသောကြောင့် ဖြစ်သည်။
စစ်ခေါင်းဆောင်များ ကြီးစိုးနေသော မြန်မာပြည်ကို အဖွဲ့တွင် မပါဝင်စေလိုပါက အဖွဲ့သစ် ထပ်ဖွဲ့ရမည် ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



