ကရင်ပြည်နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းတစ်ခုကို ယမန်နေ့ (အောက်တိုဘာ ၂၆) တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းယူခဲ့ပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာနေသည်ဟု သိရသည်။
စစ်ကောင်စီလက်အောက်ခံ အမှတ် ၃၃၉ ခြေမြန်တပ်ရင်း (ခမရ-၃၃၉) ခြေကုပ်ယူထားသည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီလုံတိုင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော ပူးပေါင်းတပ်များက ယမန်နေ့ နံနက်ပိုင်းတွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။
ထိုစခန်းကို သိမ်းယူပြီးနောက် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည့်နည်းတူ သုံ့ပန်းအဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု KNLA မှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး စောရန်နိုင်က ပြောသည်။
“မနက်ပိုင်းမှာ ကွီလုံတိုင်စခန်းကို သိမ်းလိုက်တယ်။ စစ်ကောင်စီဘက်က ၁၇ ဦး လက်နက်ချတယ်။ လက်နက်မျိုးစုံ ၄၃ လက် သိမ်းဆည်းရမိခဲ့တယ်”
ကွီလုံတိုင်စခန်းကျပြီးနောက် ယင်းညနေမှာပင် စစ်ကောင်စီက အင်အား ၄၀ ခန့်ကို ထိုစခန်းနှင့် အနီးဆုံးဖြစ်သည့် အဇင်းကျေးရွာအုပ်စုအနီး ရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်ခဲ့သည်ဟု သိရသည်။
အလားတူ ထိုဒေသတစ်ဝိုက် စစ်ကောင်စီနှင့် ပူးပေါင်းသော နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များလည်း ရှိနေ၍ ယင်းဒေသတစ်ဝိုက်တွင် စစ်ရေးအရှိန်မြင့်လာဖွယ်ရှိနေသည်ဟု ဆိုသည်။
“စစ်ရေးအခြေအနေအရ သူတို့ရဲ့ လှုပ်ရှားမှုအပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ တပ်တွေက အားလုံး ဖြန့်ခွဲပြီးတော့ သူ့အပိုင်းနဲ့သူ နေရာယူတဲ့အပိုင်းရှိတော့ စစ်ကောင်စီဘက်က လှုပ်လာရင် တိုက်ပွဲဖြစ်ဖို့ အလားအလာရှိပါတယ်” ဟု KNLA မှ ဒုတိယဗိုလ်မှူးကြီး စောရန်နိုင်က ပြောသည်။
KNU ဘက်မှ သိမ်းနိုင်ခဲ့သော ကွီလုံတိုင်စခန်းသည် စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် နေရာဖြစ်သည်ဟု သိရသည်။
ကွီလုံတိုင်စခန်း လက်လွတ်ဆုံးရှုံးပြီး လက်နက်ခဲယမ်းများစွာ အပါအဝင် တပ်ဖွဲ့ဝင် ၁၇ ဦး အရှင်ဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှု မရှိသေးပေ။
KNU တပ်မဟာ ၆ လှုပ်ရှားနယ်မြေဖြစ်သည့် ကော့ကရိတ်တောင်ပိုင်း အာရှလမ်းမကြီးပေါ် ကွမ်းခြံကုန်းဒေသတွင် ယမန်နေ့က စစ်တပ်နှင့် KNLA တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး သေနတ် ၄ လက် ရရှိခဲ့သည်။
ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အာရှလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ကားများကို စစ်ကောင်စီက ငွေကြေးကောက်ခံမှုများ ပြုလုပ်နေ၍ ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု KNU ဘက်က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)