
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေအနီးတွင် ယမန်နေ့ (အောက်တိုဘာ ၂၀) ညပိုင်းက စစ်ကောင်စီတပ် လက်နက်ကိုင်တို့က အရပ်သား ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ဒေသခံတို့ထံမှ သိရသည်။
မြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ကျောက်ဆင်ရွာမှ ရေလုပ်ငန်းလုပ်ကိုင်သူ မိသားစုဝင် သုံးဦးနှင့် အခြားသူတစ်ဦးကို ယမန်နေ့ည ၁၁ နာရီခန့်တွင် အင်အား ၂၀ ခန့်ရှိသော စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများက ပစ်သတ်ခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အနီးကပ် ပစ်သတ်သွားတာဆိုတော့ တချို့အကြောင်းအရာတွေတော့ မသိရသေးဘူး။ ဦးခေါင်းတွေမှာ ပစ်ထားတယ်။ ဓားနဲ့ထိုးထားတာတွေလည်း တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
ပစ်သတ်ခံရသူများမှာ အသက် ၆၀ အရွယ် ဦးမောင်စိုးတင်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်နွဲ့၊ ၎င်းတို့၏ မွေးစားသားတစ်ဦးနှင့် ကိုဇေယျာထွန်း (ခ) ကိုဇေဆိုသူ အမျိုးသားတစ်ဦးဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ အမှတ် ၁၀၄ ခြေလျင်တပ်ရင်းမှ စစ်သားများနှင့် နယ်ခံ ပျူစောထီးများက ကျောက်ဆင်ရွာခံ လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ကိုဇေယျာထွန်းမှာ ပြည်ပမှ ပြန်လာသည်မှာ တစ်လသာရှိသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သင်တန်းဆင်းလာသူဟု မှားယွင်းစွပ်စွဲခံရမှုကြောင့် ဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်သည်ဟု သတင်းပြန့်နေကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။
“ကိုဇေက ထိုင်းကနေ ပြန်လာတာ မကြာသေးဘူး။ သူ့ကို PDF ထဲကနေ ပြန်လာတယ်ဆိုပြီး သတင်းပေးလိုက်တယ်လို့ ထင်တယ်။ သူ့အိမ်မှာ လာဖမ်းသွားပြီး ဦးမောင်စိုးတင်အိမ်မှာ လေးယောက်လုံးကို တစ်ခါတည်း ပစ်သတ်သွားတာ။ ဦးနှောက်တွေလည်း ပွင့်ထွက်နေတာပဲ” ဟု ၎င်းက ပြောသည်။
သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ် မြို့မရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
သတ်ဖြတ်ခံရသူ လေးဦးစလုံးမှာ ကျည်ဆန်ဒဏ်ရာကြောင့် ဦးခေါင်းပွင့်နေကြောင်း၊ မျက်နှာများတွင် ရိုက်နှက်မှုကြောင့် အညိုအမည်းစွဲနေကြောင်း၊ ဒေါ်ခင်နွဲ့တွင် လည်ပင်းကို ဓားဖြင့် လှီးခံထားရသည့် ဒဏ်ရာပါ တွေ့ရှိရသည်ဟု ဒေသခံတို့က ဆိုသည်။
လေးဦး၏ ရုပ်အလောင်းများကို ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
မောင်းမကန်ကမ်းခြေအနီးရှိ ကျောက်ဆင်ရွာတွင် စစ်သားများနှင့် ပျူစောထီးများက လိုက်လံစစ်ဆေးနေသဖြင့် ရွာသားအများစု ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခြေအနေအသေးစိတ် မသိရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)