
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး အထိနာနေသည့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ့နေအိမ်များ မီးလောင်ပြီး ဒေသခံအများအပြား တိမ်းရှောင်နေရသည်ဟု အင်းတော်-PDF က ပြောသည်။
အောက်တိုဘာ ၁၈ ရက်က အင်အား ၆၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို အင်းတော်မြို့ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ အောင်းကုန်းရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် အင်းတော်-PDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အကျအဆုံးများနေစဉ် ဗန်းမော်မြို့မှ တက်လာသည့် တိုက်လေယာဉ်တစ်စီးက တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အင်းတော်-PDF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“တောလမ်းအတိုင်းလာလို့ ဖြတ်တိုက်တဲ့အချိန်မှာ သူတို့(စစ်ကောင်စီ) အကျအဆုံးများတယ်၊ များတော့ လေကြောင်းကလည်း တိုက်ပြီး ရွာထဲက အိမ်တွေကိုလည်း မီးရှို့သွားတယ်” ဟု ၎င်းက ပြောသည်။
ည ၇ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှုကို အကာအကွယ်ယူကာ အောင်းကုန်းရွာအတွင်းသို့ စစ်ကောင်စီတပ် ဝင်ရောက်သွားခဲ့ပြီး KIA, PDF ပူးပေါင်းတပ်များကလည်း နောက်ပြန်ဆုတ်ခဲ့သည့်အတွက် တိုက်ပွဲပြီးဆုံးခဲ့သည်ဟု သူက ဆိုသည်။ တိုက်ပွဲအတွင်း ၎င်းတို့တပ်ဖွဲ့ဝင် ၃ ဦး အသေးစားဒဏ်ရာများရခဲ့ပြီး စစ်ကောင်စီတပ်၏ အကျအဆုံးစာရင်းကိုမူ မသိရသေးဟု ပြောသည်။
ထို့အပြင် အောက်တိုဘာ ၁၉ ရက်နေ့ကလည်း အင်းတော်မြို့ပေါ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို အင်းတော်-PDF အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အောင်းကုန်းရွာအတွင်း ဝင်ရောက်သွားသည့် စစ်ကောင်စီတပ်က ရွာတွင်းမှ အိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို လေကြောင်းမှ တိုက်ခိုက်စဉ်ကလည်း နေအိမ် ၃ လုံး ပျက်စီးသည်ဟု သိရသည်။
ယနေ့ (အောက်တိုဘာ ၂၀ ရက်) နေ့လယ်ပိုင်းကလည်း မိုးညှင်းမြို့နယ်မှ တက်လာသည့် တိုက်လေယာဉ်တစ်စီးမှာ အောင်းကုန်းရွာနှင့် အနီးအနားရွာများကို တစ်နာရီခန့်ကြာအောင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာရှိ ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းရကြောင်း အင်းတော်-PDF အဖွဲ့ထံမှ သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများ၊ ပြည်သူတို့၏ နေအိမ်မီးရှို့မှုများနှင့် ပတ်သက်၍ မေးမြန်းရန် စစ်ကောင်စီပြောခွင့်ရထံ Myanmar Now က ဆက်သွယ်၍မရဘဲဖြစ်နေပြီး ဖြစ်စဉ်များအတွက် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။
လေကြောင်းတိုက်ခိုက်မှုများ၊ ပြည်သူတို့၏ နေအိမ်မီးရှို့မှုများမပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက ယခုနှစ် ဩဂုတ် ၁၇ တွင် စစ်ခေါင်းဆောင်ကို တိုက်တွန်းထားသည်။
သို့သော် စစ်ခေါင်းဆောင်ကမူ ကျေးရွာများကို မီးရှို့သူများမှာ ယင်းလက်အောက်ခံတပ်ဖွဲ့ဝင်များ မဟုတ်ဟု ငြင်းဆိုပြီး လေယာဉ်ဖြင့် တိုက်ခိုက်သည်မှာလည်း သောင်းကျန်းသူများကိုသာ ဦးတည် ပစ်မှတ်ထားသည်ဟု ဖြေရှင်းချက်ပေးသည်။
အဆိုးရွားဆုံးဖြစ်ရပ်အဖြစ် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက်ရှိ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကျောင်းသားကလေး ၇ ဦးသေဆုံးခဲ့ပြီး မြေပြင်ထိုးစစ်ကြောင့် လူကြီး ၆ ဦး သေဆုံးခဲ့ရသည်။
လေကြောင်းတိုက်ခိုက်မှုများ အားပြုလာသည့် စစ်ကောင်စီတပ်ကို ပြန်လည်တုံ့ပြန်နိုင်ရန် လေယာဉ်ပစ်လက်နက်အချို့ ပိုင်ဆိုင်ထားပြီဟုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာ ပထမပတ် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)