သတင်း

ရခိုင် ဘဏ္ဍာအခွန်နှင့် စီမံစီးပွားဝန်ကြီးကို ဖြုတ်ချရေး မဲခွဲမှု ရှုံးနိမ့်

(ရန်ကုန်) – ရခိုင်ပြည်နယ်အစိုးရ ဘဏ္ဍာအခွန်နှင့်စီမံစီးပွားဝန်ကြီးသည် သူ့အား ရာထူးမှ ဖြုတ်ချရန် ပြည်နယ်လွှတ်တော်တွင် ယနေ့(ဇွန်လ ၂၉ရက်) မဲခွဲဆုံးဖြတ်မှုတွင် လုံလောက်သော မဲအရေအတွက် မရခဲ့သဖြင့် ဝန်ကြီးနေရာမှ ဖယ်ရှားခံရမည့်အကျပ်အတည်းမှ လွတ်မြောက်ခဲ့သည်။

ဝန်ကြီးအားဖြုတ်ချရန် ထောက်ခံမဲအရေအတွက်သည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံ နှစ်ပုံဖြစ်သည့် ၃၁ ဦး မပြည့်မီသည့်အတွက် ဝန်ကြီးအား စွပ်စွဲပြစ်တင်မှု သည် မမှန်ကန်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။

ယင်းမဲခွဲမှုသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများကို ဖြုတ်ချရေးအတွက် ၆လအတွင်း ဒုတိယအကြိမ်မြောက် မဲခွဲဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဦးမင်းအောင်အား ပေးအပ်သည့် တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် မသင့်ဟုဆိုကာ ပြည်နယ်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့သည်။

လွှတ်တော်အမတ် ၄၆ဦး မဲပေးခွင့်ရှိသော ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး မဲခွဲဆုံးဖြတ်မှုတွင် ဝန်ကြီးအား ဖြုတ်ချရေးအတွက် ထောက်ခံမဲ ၂၅ မဲ၊ကန့်ကွက်မဲ ၉ မဲနှင့် ပယ်မဲ ၁၀ မဲ ရှိခဲ့သည်။

အဆိုပါမဲခွဲပွဲကျင်းပသည့်အချိန်တွင် တစ်သီးပုဂ္ဂလအမတ်တစ်ဦးနှင့် တပ်မတော်သားအမတ်တစ်ဦးတို့ ခွင့်ယူခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ဘဏ္ဍာရေးအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဥပဒေအရ အပ်နှင်းထားသော တာဝန်များကို ကျေပွန်အောင် မထမ်းဆောင်နိုင်ဟုဆိုကာ ပြည်နယ်လွှတ်တော်အမတ် ၁၂ဦးက စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်အေးသိန်းကို မြို့နယ် ၅ခုတွင် တည်ဆောက်မည့် အဆင့်မြင့်ဈေးစီမံကိန်းများ၊ ပြည်နယ်၏ ခွင့်ပြုရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်ငန်းများနှင့်အညီ ဆောင်ရွက်နိုင်မှု မရှိခြင်း၊မောင်တော ကညင်ချောင်း စီးပွားရေးဇုန်လုပ်ငန်း အကောင်အထည်မဖော်နိုင်ခြင်း စသည်တို့ဖြင့် စွပ်စွဲခံခဲ့ရခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး NLD ပါတီက သံတွဲပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးခဲ့ခြင်းဖြစ်ကာ စုံစမ်းစစ်ဆေးရေး အပြီးသတ်အစီအရင်ခံစာကို မေလ ၃၀ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။

ယင်းနောက် ယခုကဲ့သို့ ဖြုတ်ချရန် သင့်မသင့် မဲခွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါမဲခွဲပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလည်း လွှတ်တော်အတွင်း ရောက်ရှိနေခဲ့ပြီး ယင်းအခြေအနေသည် မဲခွဲခံရသည့် ဝန်ကြီးဘက်မှ ဝန်ကြီးချုပ်က ရပ်တည်ကြောင်း ပြသသည့်အခြေအနေ ဖြစ်နိုင်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။

“(ဝန်ကြီးချုပ်)ကိုယ်တိုင် တက်ရောက်တဲ့အတွက် စီမံ၊ဘဏ္ဍာဝန်ကြီးကို အကာအကွယ်ပေးမယ့် သဘောမျိုး ဖြစ်နိုင်တယ်” ဟု သူက ပြောသည်။

ရွေးကောက်ပွဲအလွန်ကာလတွင် ပြည်နယ်လွှတ်တော်နေရာအများစုကို အနိုင်ရခဲ့သည့် ရခိုင်အမျိုးသားပါတီတွင်း အကွဲအပြဲဖြစ်ခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်မှုများတွင် တပ်မတော်သားများ၏ မဲမှာ အရေးပါလာကြောင်း ရခိုင်နိုင်ငံရေးနှင့် မူဝါဒလေ့လာသုံးသပ်သူ ကိုထွန်းထွန်းနိုင်က ပြောကြားသည်။

“လွှတ်တော်ရဲ့ ကိုယ်စားလှယ်အချိုးအစားကို ကြည့်ရင်တော့ စစ်တပ်က ကိုယ်စားလှယ် ၁၂ ဦးထိ ရှိတယ်။ အဲဒီ ကိုယ်စားလှယ် ဦးရေဟာ ရခိုင်အမျိုးသားပါတီ ပြီးနောက် ဒုတိယကိုယ် စားလှယ်အများဆုံး ဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် တပ်မတော်ကိုယ်စားလှယ်တွေရဲ့ မဲလည်း အရေးကြီးတယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button