ယမန်နေ့ (အောက်တိုဘာ ၁၆) က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦး ဖမ်းမိခဲ့ကြောင်း KNU တာဝန်ရှိသူက အတည်ပြုသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာ ကာလိခီးရွာနှင့် တကူခီးရွာအကြားတွင် ထိုစစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တပ်ရင်း ၁၇ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ခံ နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဘက်မှ ဗိုလ်မှူးနှင့် အခြားအဆင့် စုစုပေါင်း ၁၉ ဦးကို အရှင်ဖမ်းမိခဲ့ပြီး အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု စာရင်း စိစစ်ဆဲနေဆဲဖြစ်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဆိုသည်။
“ဒီနေ့မနက် ဆက်သွယ်မေးမြန်းတဲ့အခါမှာ နယ်မြေ ရှင်းလင်းရေးလုပ်ငန်းတွေ မပြီးသေးဘူး သိရပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။
ထိုစစ်ကြောင်းကို အောက်တိုဘာ ၁၅ ရက်ညပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့ ညနေတွင် ထိုသို့ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ခြင်း ဖြစ်သည်။
ပါဝင်တိုက်ခိုက်ခဲ့သည့် နဂါးနီစစ်ကြောင်းကို ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူများ၏ ခွင့်ပြုချက်ရရှိမှသာ တိုက်ပွဲဖြစ်စဉ်ကို ထုတ်ပြန်ပေးနိုင်မည်ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ခုတ်ခွားကျေးရွာအနီး ခြေမြန်တပ်ရင်း ခမရ -၄၃၂ နှင့် KNLA/PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဘက်မှ စစ်သားတစ်ဦး သေကာ ၂ ဦး ဒဏ်ရာရသည်ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံတပ်များနှင့် KNU ဦးဆောင်သော ပူးပေါင်းတပ်များ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။
စက်တင်ဘာလကုန်ပိုင်းကလည်း ဘုရားသုံးဆူမြို့နယ်ရှိ စစ်ကောင်စီ၏ ဘုရားတောင်စခန်းကို KNU ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၁၃ ဦး သေဆုံးခဲ့သလို လက်နက်အများအပြား သိမ်းဆည်းနိုင်ခဲ့သည်။
အလားတူ စက်တင်ဘာ ၂၀ တွင် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီအခြေစိုက် ကြိတ်စခန်းကုန်းကို သိမ်းနိုင်ခဲ့ကာ စစ်တပ်ဘက်မှ ၇ ဦး သေဆုံးကာ ၂ ဦး အရှင်ဖမ်းမိခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)