တော်လှန်ရေးဆင်နွှဲနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကိုသာ လက်တွဲမည်ဆိုပါက အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရန် ခက်ခဲမည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က သုံးသပ်သည်။
PSLF ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် ရှမ်းပြည်နယ်အတွင်း တအာင်း/ပလောင်တိုင်းရင်းသားဒေသများတွင် လှုပ်ရှားနေသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဗိုလ်မှူးချုပ် တာဘုန်းကျော်က ၎င်းတို့လှုပ်ရှားနယ်မြေအတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေများ၊ NUG, စစ်ကောင်စီတို့နှင့် ဆက်ဆံရေးအခြေအနေများကို ပြောပြထားသည်။
ထို့ပြင် ၎င်းတို့နယ်မြေအတွင်း ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) တို့ လှုပ်ရှားနေမှုများအကြောင်းလည်း ပြောပြထားသည်။
မေး – TNLA နဲ့ စစ်ကောင်စီအကြား စစ်ရေးအခြေအနေတွေက ဘယ်လိုရှိနေလဲ။ ဘယ်ဒေသတွေမှာ တိုက်ပွဲတွေ အများဆုံးဖြစ်နေလဲ။
ဖြေ – ကွတ်ခိုင်ထဲမှာ ဖြစ်တာရှိတယ်။ ကျောက်မဲထဲမှာဆိုလည်း ရံဖန်ရံခါဆိုသလို ဖြစ်တာရှိတယ်။ လောလောဆယ်တော့ ကြီးမားတဲ့ စစ်ဆင်ရေးမျိုးတော့ မရှိဘူး။ မကြာခဏ ထိတွေ့တိုက်ပွဲမျိုးတော့ ရှိပါတယ်။
မေး – စစ်အာဏာသိမ်းပြီးနောက်ပိုင်း TNLA ရဲ့ တိုက်ပွဲလှုပ်ရှားတာ ရှမ်းပြည်နယ် နောင်ချိုမြို့၊ မန္တလေးတိုင်းထဲမှာပါတဲ့ ပြင်ဦးလွင်အထိပါ ရောက်လာတာမျိုး တွေ့ရတယ်။ ဒါက ပြန်ပြီး ထိုးစစ်ဆင်နေတဲ့ လက္ခဏာလို့ ပြောလို့ရလား။
ဖြေ – ပြင်ဦးလွင်-မိုးကုတ် ကားလမ်း၊ နောင်ချို စတာတွေက ကျွန်တော်တို့ တပ်မဟာ ၂ နယ်မြေဖြစ်တယ်။ ကျွန်တော်တို့ ထိုးစစ်ဆင်တာလည်း မဟုတ်ဘူး။ နဂိုကတည်းက ကျွန်တော်တို့ ဒေသဖြစ်တယ်။ ဒါပေမယ့် အရင်တုန်းက စစ်ကောင်စီနဲ့ RCSS နဲ့ တွဲပြီးတော့ အဲဒီဒေသကို ဝင်ပြီး နေရာယူတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အခြေချဖို့ အခက်အခဲအများကြီး ရှိခဲ့တယ်။ ဒီ ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့ ကာလအတွင်းမှာ ကျွန်တော်တို့က RCSS ကို တွန်းထုတ်နိုင်ခဲ့တဲ့အတွက်ကြောင့် RCSS က နမ္မတူမြစ်ရဲ့ အရှေ့ဘက်ကမ်းကို ရောက်သွားတယ်။ အဲဒီဒေသထဲမှာ ကျွန်တော်တို့က အလုပ်ပိုလုပ်လာနိုင်တယ်။ ကျွန်တော်တို့လုပ်ငန်းတွေ ပိုပြီး ဆောင်ရွက်လာနိုင်တဲ့သဘောပါ။
မေး – NUG နဲ့ ဆက်ဆံရေးက ဘယ်လို အခြေအနေ ရှိပါသလဲ။
ဖြေ – ကျွန်တော်တို့နဲ့ NUG အစိုးရနဲ့ တိုက်ရိုက် လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ အလုပ်လုပ်ဖို့ ကတော့ မရှိဘူး။ ကျွန်တော်ထင်ပါတယ် NUG မှာလည်း တချို့ အကန့်အသတ်လေးတွေ ရှိကောင်းရှိနိုင်မယ်။ ဘယ်လိုအခြေအနေတွေ ဖြစ်မလဲတော့ မသိသေးဘူး။ TNLA အနေနဲ့ NUG နဲ့ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းမျိုးတော့ မရှိသေးပါဘူးခင်ဗျာ။
မေး – NUG က ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းရင်းသားမဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်ကို တိုက်ထုတ်သွားမယ်လို့ ပြောတယ်။ TNLA ပါဝင် ပါသလား။ သဘောထား ကရော ဘယ်လိုရှိပါသလဲ။
ဖြေ – တချို့ NUG ထဲက ကျွန်တော်တို့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆက်ဆံနေတာမျိုးတော့ ရှိပါတယ်။ NUG ရဲ့ Plan (အစီအမံ) တွေကို ကျွန်တော်တို့ဘက်က တခြားနည်းလမ်းကနေ သိရှိရပါတယ်။ NUG ရဲ့ တစ်နှစ်စာ Plan က အရင် အာဏာသိမ်းပြီးကာစ ဆောင်ရွက်ခဲ့တဲ့ တစ်နှစ်စာ Plan တွေထက် ပိုပြီးတော့ ဗျူဟာမြောက်လာတယ်လို့ ပြောလို့ရတယ်။
ဒါပေမယ့် NUG က တိုင်းရင်းသားတွေ အပေါ် ချဉ်းကပ်မှုတွေတော့ အားနည်းချက်တွေ ရှိနေတယ်။ ကျွန်တော်ထင်ပါတယ်၊ သူတို့မှာလည်း တချို့ အကန့်အသတ်လေးတွေရှိကောင်းရှိနိုင်ပါတယ်၊ အဲဒါကြောင့် တချို့ ချဉ်းကပ်မှုတွေက ရောက်သင့်တဲ့အဆင့် မရောက်သေးဘူးလို့ ပြောလို့ရပါတယ်။ ဥပမာ ကျွန်တော်တို့ အဖွဲ့လိုပေါ့။ ကျွန်တော်တို့အဖွဲ့နဲ့ NUG နဲ့ စစ်ရေးအရ လက်တွေ့အမှန်တကယ် ပူးပေါင်းနိုင်မယ့် ဆက်ဆံရေးမျိုးတော့ မရောက်နိုင်သေးဘူး၊ NUG နဲ့ လက်နက်ကိုင်တော်လှန်ရေး တစ်ဖွဲ့နှစ်ဖွဲ့လောက်ပဲ ဦးဆောင်ပြီး လုပ်တဲ့ဟာမျိုးကတော့ တစ်ပြည်လုံးခြုံတဲ့၊ အာဏာရှင်ကို တော်လှန်တဲ့ တော်လှန်ရေးမျိုးက အောင်မြင်တဲ့ အဆင့်ရောက်ဖို့ အခက်အခဲတွေ ရှိလိမ့်မယ်လို့ ထင်ပါတယ်။
မေး – ဆိုလိုတာက TNLAနဲ့ NUG ခိုင်မာတဲ့ မဟာမိတ် ဆက်ဆံရေးမျိုး မရှိသေးဘူး ဆိုတဲ့ သဘောမျိုးလား။
ဖြေ – ဟုတ်ကဲ့ပါ။ NUG ရဲ့ တော်လှန်ရေးထဲမှာ ဦးဆောင်ပြီးတော့မှ ဆောင်ရွက်နေတဲ့ဟာကို ကျွန်တော်တို့ အပြုသဘောဆောင်တာမျိုး မြင်တယ်၊ ဒါဟာ ကောင်းတဲ့ လက္ခဏာတွေပဲလို့ မြင်တယ်။ အာဏာရှင်ဖြုတ်ချရေးဆိုတဲ့ တော်လှန်ရေးထဲမှာ ဒါက အရေးပါတဲ့ အခန်းကဏ္ဍလို့ ကျွန်တော်မြင်ပါတယ်။ ရှေ့ကို တဆင့်တိုးလုပ်ဖို့အတွက်ကျတော့ NUG အနေနဲ့ အများကြီး တည်ဆောက်ဖို့ လိုနေတယ်၊ ချိတ်ဆက်ဖို့ လိုသေးတယ်၊ မဟာမိတ်အဆင့်က လက်တွေ့ကျကျ ပူးပေါင်းနိုင်ဖို့ အဆင့်တွေ အများကြီး ထပ်ပြီး ကြိုးစားတည်ဆောက်ဖို့ လိုသေးတယ်လို့ ထင်ပါတယ်။
မေး – RCSS က ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ ဘယ်လို သဘောထားပါသလဲ။ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိလား။
ဖြေ – RCSS က ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်လိုအခြေအနေမျိုးတွေအပေါ် မူတည်ပြီး စာကို ထုတ်တာလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါက တိုက်ပွဲ ဖြစ်နေတာထက် စာရင် RCSS က ရှမ်းလူထုကို ကိုယ်စားပြုဖို့ ကြိုးစားနေတဲ့ လက်နက်ကိုင်အဖွဲ့၊ ကျွန်တော်တို့လည်း ကျွန်တော်တို့ လူမျိုးကို ကိုယ်စားပြုနေတဲ့ အဖွဲ့ ဖြစ်တယ်။ ဒီအဖွဲ့တွေက တိုက်ပွဲတွေ တိုက်နေတာထက် စာရင်တော့ တွေ့ဆုံဆွေးနွေးတာက အကောင်းဆုံးပေါ့။
မေး – TNLA လှုပ်ရှားနယ်မြေထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ NUGရဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)တို့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်နေတာတွေ့ပါတယ်။ ဒေသခံတွေလည်း ထိခိုက်မှုရှိတယ်ကြားပါတယ်။ ဘယ်လိုကိုင်တွယ် ဖြေရှင်းနေပါသလဲ။
ဖြေ – အဲဒီမှာ KIA အဖွဲ့ဝင်တွေရော၊ PDF အဖွဲ့ဝင်တွေက ဝင်ခိုပြီးတော့မှ နစက(စစ်ကောင်စီ)တပ်တွေ စခန်းတွေ၊ ရုံးတွေကို တိုက်ခိုက်ဖို့ ကြိုးစားကြတယ်ပေါ့။ ဆိုတော့ ကြိုးစားမှုက လေးငါးခြောက်ရက် ကြာတဲ့အခါမှာ လူထုက အရမ်းနစ်နာတယ်။ နောက်ပိုင်းကျတော့ KIA ရော၊ PDF တွေ ပြန်ဆုတ်သွားတယ်။ လူထုက ထိခိုက်နစ်နာမှုတော့ ရှိတယ်။ အဲဒါတွေကို KIA အနေနဲ့ ဘာမှ ဖြေရှင်းပေးတာမျိုး မရှိဘူး။ လောလောဆယ် အခြေအနေပေါ့။ တိုက်ပွဲက ဘယ်အချိန် ပြန်ဖြစ်မလဲ ဆိုတာ ပြောလို့တော့ မရသေးဘူး။ ဘာဖြစ်လို့လဲဆို မန်တုံမြို့နဲ့ သိပ်မဝေးတဲ့ နေရာလောက်အထိပဲ ဆုတ်ထားတယ် ဆိုတော့ သူတို့ရဲ့ ရည်မှန်းချက်ကို ပြန်ကြိုးစားဖို့ ရှိကောင်း ရှိနိုင်လိမ့်မယ်လို့ ထင်တယ်။
မေး – မြောက်ပိုင်းမဟာမိတ်ဖွဲ့ထားတဲ့ ရက္ခိုင့်တပ်တော် (AA) အခြေစိုက်တဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်နေပါတယ်။ အရင်ကဆို ဒီလိုအခြေအနေမှာ TNLA နဲ့ မဟာမိတ်အဖွဲ့ဝင်တွေက စစ်တပ်ကို ဖိအားပေးဖို့ စစ်ရေးလှုပ်ရှားမှုအချို့ လုပ်လေ့ရှိတာတွေ့ရပါတယ်။ အခုရော ဘယ်လို စဉ်းစားထားပါသလဲ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ စုဖွဲ့မှုက တစ်ကျော့ပြန် စစ်အာဏာသိမ်းပြီး နောက်မှာ အပြောင်းအလဲတွေဖြစ်သွားပြီလား။
ဖြေ – အခုက မိုးရာသီလည်း ကုန်တော့မယ်။ ပွင့်လင်းရာသီလည်း ရောက်တော့မယ်ဆိုတော့ ခါတိုင်းလည်း စစ်အာဏာရှင်တွေက ကျွန်တော်တို့ကို ပွင့်လင်းရာသီမှာ အမြဲတမ်း ထိုးစစ်ဆင်လေ့ ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဘယ်လိုခုခံစစ်တွေ လုပ်ရမလဲ ဆိုတာ သိတယ်။ တချို့ကိစ္စ ကျွန်တော်တို့ မတိုက်ချင်ဘဲနဲ့ တိုက်ရတာမျိုး ရှိတယ်။ ဥပမာ AA မှာ တိုက်ပွဲ ပြင်းထန်သလိုမျိုးပေါ့။ ကျွန်တော်တို့ မဟာမိတ်သုံးဖွဲ့( AA, TNLA, MNDAA/ ကိုးကန့်အဖွဲ့) ကတော့ ပုံမှန် အစည်းအဝေးရှိတယ်။ ဒီထက်ပိုပြီးတော့ အလုပ်ဖြစ်နိုင်မယ့် နည်းလမ်းတွေကို ကျွန်တော်တို့ ခေါင်းဆောင်တွေ တွေ့ဆုံပြီး ညှိနှိုင်းနိုင်လိမ့်မယ်လို့ ထင်တယ်။ အခုက အစည်းအဝေးတွေ လုပ်နိုင်ဖို့ ပြင်ဆင်ကြိုးစားနေဆဲဖြစ်ပါတယ်။
မေး – နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီက စစ်ရှိန်လျှော့ချဖို့အတွက် တိုင်းရင်းသားအဖွဲ့တချို့ကို စည်းရုံးလာတာမျိုး တွေ့ရပါတယ်။ TNLA ကိုရော စစ်တပ်က ဘာတွေ ကမ်းလှမ်းလာတာမျိုး ရှိလဲခင်ဗျာ။
ဖြေ – အာဏာသိမ်းပြီးတဲ့ကာလ တစ်နှစ်ပတ်လုံးမှာတော့ တွေ့ဆုံမှုကတော့ ဗိုလ်ချုပ်ရာပြည့်တို့ ဦးဆောင်တဲ့ အဖွဲ့က တရုတ်ဘက်ကနေတဆင့်၊ တခြား မဟာမိတ်ဘက်ကနေ တဆင့် ကြိုးစားတာမျိုး ရှိပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အနေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး မရှိသေးပါဘူး။
မေး – မကြာသေးမီက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဝ ပြည် ပန်ဆန်းမှာ တွေ့ဆုံကြတာမျိုး ရှိတယ်။ ဒီတွေ့ဆုံမှုက ဘာထူးခြားပါသလဲ၊ ဘာတွေများ ဆွေးနွေးဖြစ်ကြပါသလဲ။
ဖြေ – တွေ့ဆုံဆွေးနွေးမှု ဆိုတာထက်ကို နောက်တက်လာတဲ့ မျိုးဆက်သစ် ခေါင်းဆောင်တွေကို ကြိုဆိုတဲ့ တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရ တွေ့ဆုံမှုမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးကို ဦးဆောင်တဲ့ ခေါင်းဆောင်တွေ တွေ့ကြတာဆိုတော့ တချို့ကိစ္စတွေ နည်းနည်းပါးပါး ဆွေးနွေးဖြစ်တာတော့ ရှိကောင်းရှိနိုင်ပါတယ်။ တော်လှန်ရေးအဓိပ္ပာယ်ဆောင်တဲ့ တွေ့ဆုံမှုမျိုးတော့ မဟုတ်ပါဘူး။
မေး – တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တွေကြားထဲမှာ နိုင်ငံရေးအရ အဖြေရှာရမယ်ဆိုတဲ့ နည်းလမ်းဟောင်းအပေါ် ဆက်ပြီး ရပ်တည်နေတဲ့ အဖွဲ့၊ စစ်ရေးအရ ဖိအားပေးပြီး စစ်အုပ်စုကို အပြီးသတ် ဖြိုချရမယ်လို့ ယုံကြည်တဲ့အဖွဲ့ နှစ်မျိုး တွေ့ရပါတယ်။ TNLAရဲ့ အယူအဆကရော ဘယ်လိုရှိပါသလဲ။
ဖြေ – တွေ့ဆုံဆွေးနွေးမှုကလည်း ကိုယ့်ရဲ့နယ်မြေ၊ ကိုယ့်ရဲ့ လူထုကို ကာကွယ်ဖို့က ခိုင်မာတောင့်တင်းတဲ့ တော်လှန်ရေးအဖွဲ့အစည်းမရှိဘူးဆိုရင် မရဘူး။ ဒီလက်နက်ကိုင်တော်လှန်ရေးတစ်ခုနဲ့ပဲ အာဏာရှင်ကို တော်လှန်ဖို့ကလည်း အခက်အခဲ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့က အခု NUG အစိုးရရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကော အခုတော်လှန်ရေးထဲမှာ ရှိနေတဲ့ သူတွေက တကယ်ကို စစ်ရေးအရ၊ နိုင်ငံရေးအရ ဗျူဟာကျကျ စဉ်းစားပြီးမှ ဖြစ်မယ်။ ပွင့်လင်းမြင်သာမှုတွေနဲ့ တကယ့် ထိပ်သီးခေါင်းဆောင်တွေက တဆင့်ပြီး တစ်ဆင့် ကြိုးစားလာကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)