
ကချင်ပြည်နယ်ရှိ ကျောက်စိမ်းမြို့တော် ဖားကန့်တွင် ရဲအရာရှိများ ဆက်တိုက်သတ်ဖြတ်ခံနေရပြီး ဩဂုတ်မှ အောက်တိုဘာအထိ သုံးလတာအတွင်း သေနတ်ပစ်ခံရ၍ ဒုရဲမှူးတစ်ဦး အပါအဝင် ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရထားသည်။
အောက်တိုဘာ ၁၀ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဖားကန့်၊ မရှီကထောင်ရပ်ကွက် နန်းဦးစားသောက်ဆိုင်အနီး အနှိပ်ခန်းမှ ထွက်လာသည့် အသက် ၃၀ အရွယ် နယ်ထိန်းရဲအရာရှိ သက်နိုင်ဦးကို လူတစ်ဦးက သေနတ်ဖြင့် ပစ်ရာ ပွဲချင်းပြီးသေဆုံးသည်။
“အနှိပ်ခန်းက ထွက်လာပြီး ကားတံခါးဖွင့်ပြီး ကားပေါ်တက်တဲ့အချိန်မှာ ပစ်သတ်သွားတာ။ ပစ်ပြီးတော့ သူ့ကို ကားပေါ်ကနေ ဆွဲချပြီးတော့ သူ့ရဲ့ကားကိုလည်း ယူသွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
နယ်ထိန်းရဲအရာရှိ သက်နိုင်ဦး၏ အလောင်းကို မွန်းလွဲ ၁ နာရီခန့်တွင် ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းက လာရောက် သယ်ဆောင်သွားသည်ဟု မျက်မြင်တွေ့သူကို ကိုးကား၍ ၎င်းက ပြောသည်။
စက်တင်ဘာ ၁၀ ရက်ကလည်း ဖားကန့် မှော်ဝမ်းရပ်ကွက်သို့ ဆိုင်ကယ်ဖြင့် ရောက်လာသည့် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်လတ်နှင့် ရဲတပ်ကြပ် ၂ ဦးတို့ ပစ်ခတ်ခံခဲ့ရသည်။ ရဲအုပ်သေ၍ တပ်ကြပ်တို့ ဒဏ်ရာရသည်။
ထို့အတူ ဆိပ်မူကျေးရွာ အုပ်စု၊ မှော်ရှန်ကျေးရွာတွင် ဩဂုတ် ၃ ရက်က ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဆိုင်းတောင်ရဲစခန်းမှ ဒုရဲမှူးနှင့် စစ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီကို တော်လှန်နေသည့် ဒေသကာကွယ်ရေးအဖွဲ့ (PDF) လှုပ်ရှားမှုများ အားကောင်းသည့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်နေသည်။
ကျောက်စိမ်းထွက်ရာ ဖားကန့်တွင်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ လုံခြုံရေး ထောက်တိုင်များဖြစ်သည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲ၊ စစ်သားနှင့် စစ်တပ်သတင်းပေးများ မကြာခဏ သတ်ဖြတ်ခံနေရသည်။
သတ်မှတ်ခံထားရသည့် အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်သတင်းပေးများလည်း မကြာခဏ အသတ်ခံနေရသည်။ လက်သည်မပေါ်ပေ။
ထိုအခြေအနေတွင် နယ်ထိန်းရဲ သက်နိုင်ဦး သတ်ဖြတ်ခံရပြီးနောက် ဖားကန့်တွင် စစ်ဆေးမှုများ ပို၍ တင်းကြပ်လာနေသည်ဟု ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။ ဖားကန့်ရဲစခန်းရှေ့၊ မြို့မရပ်ကွက်ရှိ ကလပ်ကုန်းနှင့် ဖားကန့်တံတားတို့တွင် စစ်ကောင်စီက နေ့စဉ်နီးပါး ပိတ်ဆို့စစ်ဆေးနေသည်ဟု ဆိုသည်။
“ဒီရက်ပိုင်းအတွင်းမှာပဲ အစစ်အဆေးက များလာတယ်၊ အဲဒီလို အစစ်အဆေးမလုပ်တာ ကြာပြီ အခုက ပိုများလာတယ်၊ ပိုတင်းကျပ်လာတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။
စစ်ကောင်စီ လုံခြုံရေးအဖွဲ့များ၏ လက်ချက်ဖြင့် အရပ်သားသေဆုံးမှုများလည်း ရှိနေပြီး အောက်တိုဘာ ၂ ရက် ညပိုင်းတွင် ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာသည့် အသက် ၂၅ နှစ်အရွယ် မရန်ဆိုင်းဂူကို ကလပ်ကုန်းရှိ စစ်သားများက ပစ်ခတ်သဖြင့် သေဆုံးခဲ့ရမှုမှာ ထင်ရှားသည်။ မရန်ဆိုင်းဂူ၏ အလောင်းကိုပင် မိသားစုက ပြန်မရပေ။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်သည်အထိ ဖားကန့်တွင် စစ်ကောင်စီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ၊ တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။ စစ်ကောင်စီကလည်း မြို့ကို တစ်နှစ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ကာ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ထားသည်။
ဖားကန့်တွင် ရဲများ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များကို အသေးစိတ် အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲနီးပါးအတွင်း နိုင်ငံတစ်ဝန်းတွင် ရဲနှစ်ဒါဇင်ခန့် လစဉ် သေဆုံးနေရသည်ဟု ဩဂုတ်လအတွင်း နေပြည်တော်၌ ပြုလုပ်သည့် ရဲချုပ်ရုံး အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။
၂၀၂၁ မှ ယခုနှစ် ဇူလိုင်လအထိ ရဲတပ်ဖွဲ့ဝင် ၃၆၀ ဦး သေဆုံးခဲ့ကြောင်း၊ လစဉ် ပုံမှန်သေဆုံးသည့် ရဲတပ်ဖွဲ့ဝင်အင်အားမှာ ၂၀ မှ ၂၆ ဦးအထိ ရှိနေကြောင်း ရဲချုပ်၊ ဗိုလ်ချုပ်ဇင်မင်းထက်က ပြောခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။ ထိုမှတ်တမ်းကို Myanmar Now က ရရှိခဲ့၍ သတင်းဖော်ပြပြီး ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)