
ထိုင်းနယ်စပ်နှင့် ၁၀ မိုင်ပင် မဝေးသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မက္ကသာကျေးရွာကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၆) မိုးမလင်းမီ စစ်လေယာဉ် ၃ စီး သွားရောက် ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်း မီးလောင်ပြီး သံဃာတစ်ပါး ဒဏ်ရာရသည်။
ထိုရွာကို နံနက် ၂ နာရီခွဲမှ ၃ နာရီ ဝန်းကျင်အတွင်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ပါ ပျက်စီးခဲ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။
လွန်ခဲ့သော ၄ နှစ်က စတင်ထူထောင်ထားသည့် မက္ကသာရွာ ဘုန်းတော်ကြီးကျောင်းသည် ပရိယတ္တိစာသင်တိုက်ဖြစ်ပြီး သံဃာ အပါး ၅၀၊ ကျောင်းသား၊ ကပ္ပိယ အပါအဝင် စုစုပေါင်း ၆၀ ခန့် နေထိုင်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးသီရိန္ဒက ဒေသအခြေစိုက် KIC သတင်းဌာနကို ပြောထားသည်။
နိုင်ငံရေးနှင့် ပတ်သက်ခြင်းမရှိသည့် နေရာကို တိုက်ခိုက်သဖြင့် အံ့သြရသည်ဟု ဆရာတော်က မှတ်ချက်ပြုသည်။
“ဒီလိုမျိုး ဖြစ်လာတာတော့ မထင်မှတ်ဘူး။ ဘုန်းကြီးအနေနဲ့ …. နိုင်ငံရေး … လုပ်မယ်ဆိုရင်တော့ ထားလိုက်ပါတော့ ။ အခုက ဘုန်းကြီးက … သာသနာရေးပဲ တစ်ခုပဲ လုပ်တယ်။ စာသင်တိုက်၊ ပရိယတ္တိတစ်ခုပဲ ဦးဇင်းလုပ်တယ်။ အခုလို လာပစ်တော့ ဦးဇင်းတို့ နေရထိုင်ရတာ အခက်အခဲဖြစ်တာပေါ့” ဟု ဆရာတော်က မိန့်သည်။
ဒဏ်ရာရ သံဃာတော်၏ အခြေအနေ အသေးစိတ် မသိရသေးပေ။
ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကလည်း အတည်ပြုသည်။
စစ်ကောင်စီက ရန်ကုန်၊ မှော်ဘီ လေတပ်စခန်းမှ တိုက်လေယာဉ်များ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း၊ မက္ကသာ ကျေးရွာဘုန်းကြီးကျောင်း မီးလောင်ကာ ဒေသခံများ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ယနေ့ နံနက်တွင် KNU က သတင်းထုတ်ပြန်ထားသည်။
အရပ်သားများရှိသည့်နေရာကို လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။
“လေယာဉ်သံတွေကတော့ … အိပ်လို့တောင် မရဘူး။ တော်တော်ကျယ်တာ၊ တိုက်လေယာဉ်သံတွေ ကြားရတာ။ နိုးလာတော့ လေယာဉ်သံတွေဆိုတော့ မီးပါ ထပြီး ပိတ်ရတယ်” ဟု အဆိုပါ ဘုရားသုံးဆူဒေသခံ အမျိုးသားက ပြောသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူပိုင် အိုးအိမ်နှင့် သာသနိကအဆောက်အအုံ ထိခိုက်၊ ပျက်စီးမှု၊ သေဆုံး ဒဏ်ရာရမှု၊ စစ်ကောင်စီ ကြဲချသည့် ဗုံးအရေအတွက် စသည့် အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

ဘုရားသုံးဆူမြို့နှင့် ၆ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ ဘုရားတောင်စခန်းကို KNU က စက်တင်ဘာ ၂၈ ရက်တွင် သိမ်းပိုက်ပြီးနောက် တစ်ပတ်အကြာတွင် ထိုဒေသကို စစ်တပ်က ဗုံးလာကြဲခြင်းဖြစ်သည်။
စစ်ကောင်စီ အမှတ် ၂၃၈ ခြေလျင်တပ်ရင်း အခြေချထားသည့် ဘုရားတောင်စခန်းကို KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းသိမ်းပိုက်ခဲ့စဉ်က စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၁၃ ဦး သေသည်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်တွင် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် ဝါရင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ KNU က စစ်တပ်၏ လုပ်ရပ်ကို လက်မခံကြောင်း ထုတ်ဖော် ရပ်တည်ပြီးနောက်တွင် KNU အခြေစိုက်ရာ ဒေသများကို စစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်းမှ စစ်ဆင်နေသည်။
KNU ကလည်း NUG ၏ PDF အဖွဲ့များနှင့် ပေါင်းကာ ၎င်းတို့နယ်မြေအတွင်း စစ်ကောင်စီက ဆယ်စုနှစ်ချီ တပ်စွဲထားသည့် စခန်းအချို့ကို တိုက်ခိုက် သိမ်းပိုက်ထားသည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဘက်ပြောင်းခိုလှုံသူများရှိနေပြီး တပ်ရင်းမှူးအဆင့်ပင် ပါဝင်သည်ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)