
ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်မြို့တွင် ဆိုင်ကယ်စီး လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ပြီး မိသားစုကိုလည်း အလောင်းပြန်မပေးခဲ့ပေ။
အောက်တိုဘာ ၂ ည ၁၀ နာရီခန့်က သူငယ်ချင်းများနှင့် တွေ့ဆုံပြီး နေအိမ်သို့ ပြန်လာသည့် (၂၅) နှစ်အရွယ် ကိုမရန်ဆိုင်းဂူသည် မြို့မရပ်ကွက်၊ ကျောက်ဝိုင်းအနီးတွင် ပစ်ခတ်ခံရကြောင်း မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။
“ဆိုင်ကယ်ရပ်ခိုင်းတာ၊ ရပ်ဆိုတာကို မရပ်လို့ ပစ်သတ်လိုက်တာ၊ ပစ်သတ်ပြီး အလောင်းကို ချက်ချင်းယူသွားပြီး ဘယ်မှာ ထားလို့ ထားမှန်းမသိဘူး” ဟု အသက် ၃၀ ဝန်းကျင် ထိုအမျိုးသားက ဆိုသည်။
ထိုနေ့ညက ကျောက်ဝိုင်းအနီး ကင်းလှည့်နေသည့် စစ်သား ၅၀ ခန့်က လမ်းသွားလမ်းလာများကို လက်မြှောက်ခိုင်းကာ စစ်ဆေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ကိုမရန်ဆိုင်းဂူ အသတ်ခံရသည့် အကြောင်းကို နောက်တစ်ရက် (အောက်တိုဘာ ၃ ရက်) နံနက်မှသာ သိခဲ့ရပြီး အလောင်းရရန် စုံစမ်းရှာဖွေသော်လည်း အချည်းနှီးဖြစ်ခဲ့ကြောင်း ဖခင် ဦးနော်အောင်က ပြောသည်။
ဖားကန့်ဆေးရုံသို့ သွားရောက်စုံစမ်းရာတွင် ကိုမရန်ဆိုင်းဂူ စီးနင်းခဲ့သည့် ဆိုင်ကယ်၊ အဝတ်အစားတို့ကို တိုက်ဆိုင်စစ်ဆေးကြည့်ကာ ကိုမရန်ဆိုင်းဂူ သေဆုံးသည်မှာ မှန်ကန်ကြောင်း၊ ပိုင်ရှင်မရှိသည့်အတွက် သင်္ဂြိုဟ်လိုက်ပြီဟု ဆေးရုံဝန်ထမ်းများက ပြောကြောင်း ဦးနော်အောင်က ဆိုသည်။
ကိုမရန်ဆိုင်းဂူ မည်သည့် ဒဏ်ရာများဖြင့်၊ မည်သို့ သေဆုံးသည်ကိုမူ စစ်ကောင်စီဘက်က ထုတ်မပြောပေ။
“သူက သူ့ရဲ့ ညီတွေ၊ ညီမတွေကို ကျောင်းပို့ ကျောင်းကြိုပဲ လုပ်တာ၊ အဖေရဲ့ အခိုင်းအစေပေါ့။ ကျွန်တော့်သားက လိမ္မာတဲ့ ကလေးဟုတ်တာပေါ့။ အဲဒီညကလည်း အပြင်မထွက်နဲ့လို့ ပြောတာပဲ၊ ညဘက် သူ့အိပ်ရာ သွားကြည့်တော့ ပြန်မလာသေးလို့ မနက်ပြန်လာမယ် ထင်တာပေါ့” ဟု ဖခင်ဖြစ်သူက ပြောသည်။
“သူ့ညီတွေရော သူ့အမေရောပါ ငိုနေကြတာပဲ။ ဘုရားဆီမှာလည်း ဘယ်လိုမှ တောင်းဖို့မလွယ်တော့ဘူး” ဟု ဦးနော်အောင်က ဆက်ပြောသည်။
ကိုမရန်ဆိုင်းဂူ၏ ဈာပနအတွက် ဆုတောင်းပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက်တွင် ခရစ်ယာန်ဘာသာထုံးတမ်းအရ ပြုလုပ်မည်ဟု မိသားစုထံမှ သိရသည်။
ကိုမရန်ဆိုင်းဂူ သေဆုံးသည့်ညက စစ်တပ်၏ ပစ်ခတ်မှုအတွင်း အနီးအနားရှိ အခြားဒေသခံတစ်ဦးလည်း ကျည်ထိမှန်ခဲ့ကြောင်း၊ နောက်ထပ် အမျိုးသားတစ်ဦးကိုမူ စစ်တပ်က ဖမ်းသွားကြောင်း သတင်းထွက်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
အောက်တိုဘာလဆန်းမှစ၍ ဖားကန့်မြို့ပေါ်တွင် စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း၊ အောက်တိုဘာ ၁ တွင် စစ်ကောင်စီတပ်က ဖားကန့်ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင်း အနီးရှိ မျောက်ဖြူရွာမှ နေအိမ်တစ်လုံးနှင့် ကားတစ်စီးပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။
အောက်တိုဘာ ၃ ညကလည်း ဆန်းကြွယ်ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် အရပ်သားများကို စစ်ကောင်စီတပ်က အဆင်အခြင်မဲ့ ပစ်သတ်မှုများကြောင့် တစ်နှစ်ခွဲအတွင်း ပြည်သူ ၂၀၀၀ ကျော်သေဆုံးသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၄ တွင် ထုတ်ပြန်ထားသည်။
တစ်ကျော့ပြန် စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အခြေစိုက်ရာ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။
ကျောက်စိမ်းထွက်သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီက ဩဂုတ်လမှစကာ အင်တာနက်ပါ ဖြတ်တောက်၍ စစ်ဆေးမှုများ၊ စစ်ရေးလှုပ်ရှားမှုများ တရစပ်လုပ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)