အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ပွဲ ဆက်နေသည့် အင်းတော်တွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ

တိုက်ပွဲဆက်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများသလို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ဘက်တွင်လည်း ထိခိုက်မှု ရှိသည်ဟု သိရသည်။

စက်တင်ဘာ ၂၉၊ နံနက် ၉ နာရီခန့်က အင်အား ၁၇၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းကို အင်းတော်မြို့ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာ အင်ပင်ရွာအနီး မိုင်းဆွဲတိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု အင်းတော်-PDF အဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် တစ်ပြိုင်နက် အင်းတော်မြို့ အနောက်ဘက် ၅ မိုင်ခန့်အကွာ တန်ဘိုရွာနှင့် လယ်နောင်ရွာကြားတွင် အင်အား ၆၀ ကျော်ပါသည့် စစ်ကြောင်းတစ်ခုနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု အင်းတော်-PDF က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၆ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု အင်းတော်-PDF အဖွဲ့က ခန့်မှန်းပြီး အင်းတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်နှစ်ဦးလည်း သေဆုံးခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်တပ် ပြန်ဆုတ်သည့်လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့က မိုင်းသွားထောင်တာ၊ မိုင်းထောင်တဲ့အခါမှာ စစ်ကြောင်းက နောက်ပြန်ဆုတ်တာနဲ့ ကြုံသွားပြီးတော့ ပစ်သတ်ခံလိုက်ရတာ။ လယ်ကွင်းပြင်ကြီးဖြစ်နေတော့ ရှောင်ချိန် ပုန်းချိန်လည်း မရလိုက်ဘူး” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သေဆုံးသူနှစ်ဦးမှာ အသက် ၂၀ ဝန်းကျင်ရှိကြသည့် မောင်ဖိုးခွာနှင့် မောင်မြင့်ဦးတို့ ဖြစ်သည်။

အဆိုပါ အင်အား ၆၀ ကျော်ပါ စစ်ကြောင်းမှာ စက်တင်ဘာ ၂၈ ရက်က ဟင်းနုရွာမှ လူငယ်တစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်လာပြီးနောက် PDF ဟု စွပ်စွဲကာ ပစ်သတ်လိုက်သည်ဟု သိရသည်။

မွန်းလွဲပိုင်းတွင် အင်အား ၁၇၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ၆၀ ကျော်ပါသည့် စစ်ကြောင်းနှစ်ခုတို့ အင်းတော်မြို့၏ အနောက်ဘက် မဲဇာချောင်းအနီးရှိ မန်လည်ရွာတွင် ဆုံကြပြီး ရွာအတွင်းသို့ သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့သည်။

အင်အားအများအပြားဖြင့် စစ်ကြောင်းရောက်လာသည့်အတွက် မန်လည်ရွာမှ ဒေသခံအားလုံးနီးပါး ထွက်ပြေးရပြီး ရွာအတွင်းကျန်နေခဲ့သည့် စိတ်မကျန်းမာသူ လူငယ်တစ်ဦး၊ သားဖွားဆရာမနှစ်ဦးနှင့် မန်လည်ရွာ ဘုန်းကြီးကျောင်း နှစ်ခုမှ သံဃာများကို နာရီအနည်းငယ်ကြာ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

ယနေ့နံနက်တွင်လည်း အင်အား ၆၀ ကျော်ပါ စစ်ကြောင်းနှင့် တန်ဘိုရွာနားတွင် တိုက်ပွဲဖြစ်ပွားနေပြီး အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အင်းတော်မြို့ပေါ်တွင် ဒေသခံများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေပြီး စစ်ကောင်စီတပ်က နေရာအချို့တွင် စစ်ဆေးနေသည်ဟု အသက် ၅၀ ခန့်ရှိသည့် မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ရွာတွေဘက်မှာတော့ ဒေသခံတွေ ပြေးနေကြရတယ်လို့ ကြားတယ်၊ မြို့ပေါ်မှာတော့ ပုံမှန်ပဲဆိုပေမဲ့ နည်းနည်း သတိထားပြီးတော့ နေကြရတာပေါ့၊ စစ်ဆေးတာကတော့ အမြဲရှိနေတာပဲလေ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကိုပင် ပစ်သတ်လာသည့်အတွက် နိုင်ငံအနှံ့ ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးများတွင် စစ်ကိုင်းတိုင်းမှာ အားအကောင်းဆုံးဟုပင် ဆိုနိုင်သည်။

စစ်ကိုင်း-ကချင်နယ်စပ်မျဉ်းအနီးတွင်ရှိသည့် အင်းတော်မြို့မှာ စစ်တပ်နှင့် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေပြီး KIA, PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button