စစ်ရေးပြင်းထန်နေသော စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၂၈) နံနက်ပိုင်းက အောင်းကုန်းရွာအတွင်း စစ်ကြောင်းတစ်ခု ဝင်ရောက် အိမ်မီးရှို့ကာ လူငယ်တစ်ဦးကို ပစ်သတ်သွားသည်ဟု အင်းတော် -PDF အဖွဲ့ထံမှ သိရသည်။
အင်အား ၁၇၀ ခန့် ရှိသော ထိုစစ်ကြောင်း၏ရန်ကြောင့် ထိုရွာမှ လူဦးရေ ၂၀၀၀ ကျော်မှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးသွားကြသည်။
အိမ်ခြေ ၄၅၀ ကျော်ရှိသည့် ရွာသို့ ရောက်လာသော စစ်သားများက ရွာတွင် ကျန်နေသည့် ၁၉ ခန့်အရွယ်ရှိသည့် လူငယ်တစ်ဦးကိုလည်း ပစ်သတ်ကြသည့်အပြင် သက်ကြီးရွယ်အို ၅ ဦးခန့်ကို ဖမ်းဆီးပြီး နေအိမ် ၄ လုံးကို မီးရှို့ကြသည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သူက ဘာလို့ ကျန်နေခဲ့လဲ သိဘူး၊ လူကြီးတွေကိုတော့ ဘာမှမလုပ်ဘဲနဲ့ သူ့ကို ပစ်သတ်လိုက်တာ၊ အောင်းကုန်းရွာသားပဲ၊ နာမည်တွေဘာတွေတော့ မသိရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
စစ်သားများက ပစ်သတ်၊ ဖမ်းဆီး၊ အိမ်မီးရှို့သည်ဟူသော PDF ၏ ပြောဆိုချက်နှင့် ပတ်သက်၍ စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ထံ ဆက်သွယ် မေးမြန်း၍ မရသေးပေ။
အောင်းကုန်းရွာမှာ အင်းတော်မြို့၏ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာတွင် ရှိပြီး အင်းတော်ကန်အနောက်ဘက် အင်းတော်-ဗန်းမောက် လမ်းမပေါ်တွင်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။
ညနေပိုင်းတွင် အဆိုပါစစ်ကြောင်း ရွာမှ ထွက်ခွာသွားပြီး အနီးဝန်းကျင် ကျေးရွာများတွင် စစ်ကြောင်းထိုးနေသည်ဟု သိရသည်။
ထိုစစ်ကြောင်းတွင် စက်တင်ဘာ ၂၃ က မိုးညှင်းမြို့နယ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်များနှင့် အင်းတော်မြို့မှ သွားရောက်ပူးပေါင်းသည့် တပ်များ ပါဝင်သည့်အပြင် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များ ပါဝင်သည်။
အင်အား ၄၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ၅ ကြောင်းခွဲကာ အင်းတော်မြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၄ နှင့်၂၅ တွင် အင်းတော်-PDF, KIA ,ABSDF တပ်များ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အထိနာသွားပြီးနောက် အနီးနားကျေးရွာများကို ပစ်မှတ်ထားကာ မီးလိုက်ရှို့နေခြင်းဖြစ်သည်။
အောင်းကုန်းရွာမှ ထွက်လာပြီး ရွာအနီးတစ်ဝိုက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် အင်းတော်-PDF တို့ အင်ပင်ရွာအနီးတွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။
“သူတို့ (စစ်ကောင်စီ) အဝေးကြီးမသွားသေးဘူး၊ အဲဒီနားပဲ ဝဲနေတာ။ အောင်းကုန်း၊ နန့်သာ၊ အင်ပင်ဆိုတာ တစ်ဆက်တည်းပဲ။ မနက်က အဲဒီရွာနားမှာ တော်တော်ကြာကြာ ဖြစ်တယ်။ အခြေအနေအသေးစိတ်တော့ မသိရသေးဘူး” ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
သက်ကြီးရွာသားတချို့ အဖမ်းခံရမှု အခြေအနေကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် နိုင်ငံအနှံ့ ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် စစ်ကိုင်းတိုင်းအထက်ပိုင်းမှ မြို့နယ်များသည်လည်း ခုခံအားကောင်းလာသည်။
အင်းတော်မြို့မှာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်တွင် ရှိပြီး ကချင်ပြည်နယ်အတွင်းသို့ စစ်လက်နက်၊ ခဲယမ်း ရိက္ခာပို့နေသည့် စစ်ကောင်စီတပ်များကို KIA နှင့် လက်တွဲပြီး တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)