
ရန်ကုန် – ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယမန်နေ့( ဇူလိုင် ၁၆ရက်) က ဖြစ်ပွားခဲ့သည့် ရှမ်းနှင့် တအာင်း/ရှမ်းလက်နက်ကိုင်များအကြား တိုက်ပွဲများကြောင့် ကျေးရွာ ၁ဝ ရွာခန့်မှ လူဦးရေ ၇၀၀ ထက်မနည်း ထွက်ပြေးနေရကြောင်း ဒေသခံ ကယ်ဆယ်ရေးပရဟိတ အသင်းများက ပြောသည်။
ယမန်နေ့နံနက် ၈ နာရီခန့်ကတည်းက နမ္မတူမြို့နယ် မန်မုကျေးရွာအုပ်စု နားပုံရွာဟောင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ် မတော် (RCSS/SSA) က တစ်ဖက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ပူးပေါင်းအဖွဲ့များက တစ်ဖက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ၊ နမ့်စန်၊ သီပေါ စသည့် ဒေသများသည် TNLA အဓိက လှုပ်ရှားရာ ဒေသဖြစ်ပြီး ၎င်း၏ မဟာမိတ် SSPP/SSA လည်း ရှိသည်။ ရှမ်းတောင်ပိုင်းတွင် အခြေစိုက်သည့် RCSS/SSA က လာရောက်နယ်မြေတိုးချဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု ဒေသခံအချို့က Myanmar Now ကိုပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာတွင် RCSS က လွန်ခဲ့သည့်တစ်လခန့်မှစ၍ ယာယီစခန်းဖွင့်လှစ်ထားကြောင်း၊ ထိုစခန်းကို SSPP/SSA တပ်များနှင့် TNLA ပူးပေါင်းအဖွဲ့များက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ပန်လုံရွာဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
တိုက်ပွဲစတင်ရခြင်းမှာ SSPP/SSA တပ်များနှင့် TNLA ပူးပေါင်းအဖွဲ့များက စုပေါင်းတိုက်ခိုက်ခြင်းကြောင့်ဖြစ်ကြောင်း RCSS/SSA အဖွဲ့၏ Tai Freedom ဖေ့ဘွတ်စ်စာမျက်နှာတွင် ဇူလိုင် ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖော်ပြခဲ့သည်။
“သူတို့ပူးပေါင်းအဖွဲ့ အင်အား ၂၀၀ ကျော်လောက်က လာတိုက်တာ စစခြင်းတော့ သူတို့ပြန်ဆုတ်သွားတယ် နောက်ပိုင်းတော့ သေချာမသိဘူး” ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြောသည်။
တိုက်ပွဲစတင်ပြီး နာရီပိုင်းအတွင်း အနီးအနားကျေးရွာများမှ ဒေသခံများသည် တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် ခြောက်မိုင်ခန့်အကွာ သီပေါ-နမ္မတူ လမ်းမပေါ်ရှိ ပန်လုံကျေးရွာသို့ ထွက်ပြေးသွားကြပြီး ထိုမှတဆင့် လုံခြုံရေးအရ ပိုမိုစိတ်ချရသည့် သီပေါမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သီပေါမြို့နယ်မှ နယ်စည်းမခြားပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမျိုးက ပြောသည်။
လက်ရှိအချိန်တွင် ပန်လုံကျေးရွာတွင်လည်း လူသူမရှိသလောက်ဖြစ်နေသည်ဟု အဆိုပါကျေးရွာသားတစ်ဦးက ပြောသည်။
“ဒီနေ့မနက် ထပ်ရွှေ့သွားတဲ့သူတွေအများကြီးပဲ။ တိုက်ပွဲရပ်နေပေမဲ့ ထပ်ဖြစ်မှာကို စိုးရိမ်နေကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပန်လုံကျေးရွာသားတစ်ဦးက Myanmar Now ကိုပြောသည်။
ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားသည့်နေရာမှ မိုင်၂၀ ခန့်ဝေးသည့် သီပေါမြို့နယ် မိုးတေဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာသူ စစ်ရှောင် ၃၀၀ ကျော် သွားပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
နမ္မတူမြို့နယ် မန်စံအုပ်စု မန်စံရွာမကြီးရှိ ဘုန်းတော်ကြီး ကျောင်းများတွင်လည်း တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနည်းဆုံး တစ်မိုင်မှ သုံးမိုင်အတွင်းကွာဝေးသည့် အနီးအနားကျေးရွာများမှ စစ်ရှောင်ပြည်သူ ၄၀၀ ကျော်ရောက်ရှိနေပြီးဟုသိရသည်။
မနက်ပိုင်းမှစ၍ သေနတ်သံများကြားရကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နီးကပ်နေသောကြောင့် တိမ်းရှောင်လာရကြောင်း အဆိုပါမြို့နယ် မန်ခြယ်ရွာသား ကိုအိုက်ဦးက ပြောသည်။
“မနေ့က ယာထဲသွားနေတော့ ရွှေ့ဖို့အချိန်မရလိုက်ဘူး။ ဒီနေ့မှ ရွှေလာတာ သီပေါကိုသွားဖို့ ” ဟု ကိုအိုက်ဦးကပြောသည်။
အဆိုပါ တိုက်ပွဲတွင် RCSS/SSA တပ်မှ တပ်သားနှစ်ဦး ဒဏ်ရာရရှိပြီး နယ်မြေရှင်းလင်းမှု များလုပ်ဆောင် နေကြောင်း ရှမ်းတပ်ပြောခွင့်ရ အဆိုပါအရာရှိကပြောသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ကို ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။
ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် RCSS/SSA သည် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ် ပြီး ၎င်းတို့နှင့် စစ်ရေးတင်းမာနေသည့် SSPP/SSA နှင့် TNLA တို့မှာ လက်မှတ်မထိုးထားပေ။