ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို မလိုက်နာပါက တော်လှန်ရေးအဖွဲ့များကို နယ်မြေအတွင်း လက်ခံထားမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။
မွန်ပြည်နယ် သထုံ ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားသည့် တော်လှန်ရေးအဖွဲ့များအနေဖြင့် KNU စည်းမျဉ်းများကို လိုက်နာပြီး လှုပ်ရှားမှုများပြုလုပ်ရန် အချက် ၂၅ ချက်ပါ ကြေညာချက်တစ်စောင်ကို ယနေ့ (စက်တင်ဘာ ၂၇) တွင် သထုံခရိုင်က ထုတ်ပြန်သည်။
“အခုစည်းမျဉ်းစည်းကမ်းတွေကို ကတိကဝတ်ပြုပြီး လိုက်နာမှသာ ကျွန်တော်တို့တပ်မဟာအတွင်းမှာ လက်ခံမယ်။ ကတိကဝတ် မပြုတဲ့အဖွဲ့တွေကိုတော့ လက်မခံဘူး” ဟု ပဒိုစောအေးနိုင်က Myanmar Now ကို ယနေ့ ပြောသည်။
KNU တပ်မဟာ ၁ သထုံခရိုင်အတွင်း မွန်ပြည်နယ် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်၊ ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း နယ်မြေအများအပြားနှင့် အထူးဒေသတစ်ခု ပါဝင်သည်။
စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရာတွင် လူထုဘက်မှ ထိခိုက်မှုများ ရှိလာနိုင်၍ ထိုကဲ့သို့ စည်းကမ်းများ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု KNU သထုံခရိုင် တာဝန်ရှိသူတို့ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၅ က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သော ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ဆီတင်ကားတစ်စီးကို ဖမ်းဆီးကာ ဆီဖောက်ယူရောင်းချခဲ့သည့်ဖြစ်စဉ်အပြီး ထိုသို့ KNU သထုံခရိုင်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး KNU က စက်တင်ဘာ ၁၅ ၌ ယာဉ်မောင်းထံ ကားပြန်ပေးခဲ့ကြောင်း၊ စည်းကမ်းလိုက်နာခြင်းမရှိသည့် KRF အဖွဲ့ခေါင်းဆောင်ကို သက်ဆိုင်ရာ PDF တာဝန်ခံက အရေးယူထားကြောင်း ယမန်နေ့ (စက်တင်ဘာ ၂၆) တွင် KNU ဗဟိုက ထုတ်ပြန်ခဲ့သည်။
နောက်တစ်နေ့တွင် KNU ၏ ထို အချက် ၂၅ ချက်ပါ စည်းကမ်းများ ကြေညာချက်ထွက်လာခြင်း ဖြစ်သည်။
ကြေညာချက်တွင် စစ်ဆင်ရေးကိစ္စများ ဆောင်ရွက်ပါက မိမိအဖွဲ့အစည်း၏ သဘောဆန္ဒဖြင့် မဆောင်ရွက်ဘဲ သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်ထံ တင်ပြရန်၊ လက်နက်အားကိုးဖြင့် ပြည်သူလူထုကို အနိုင်ကျင့်ခြိမ်းခြောက်ခြင်း မပြုလုပ်ရန် စသည့် အချက်များ ပါဝင်သည်။
ထို့ပြင် တော်လှန်ရေးအကြောင်းပြအလှူခံခြင်း၊ ကိုယ်ကျိုးစီးပွားရှာခြင်း လုံးဝမပြုလုပ်ရန်၊ ဆိုသည့် အချက် ပါဝင်ကာ မိမိသက်ဆိုင်ရာအဖွဲ့အစည်း၊ တော်လှန်ရေး၏ လုံခြုံမှုနှင့် ဂုဏ်သိက္ခာ ထိခိုက်စေမည့် အပြုအမူ၊ အပြောအဆို၊ လုပ်ရပ်များမဖြစ်ပွားစေရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်ဟု ပါရှိသည်။
ထိုစည်းကမ်းများကို လိုက်နာမှု ရှိမရှိ KNU/KNLA အဖွဲ့ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် မိတ်ဖက်ရေးရာကြီးကြပ်မှုကော်မတီက စောင့်ကြည့်သွားမည်ဟု ပဒိုစောအေးနိုင်က ပြောသည်။
“ကျွန်တော်တို့ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအပေါ်မှာ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဖောက်ဖျက်ပါက KNU က ချမှတ်ထားတဲ့လုပ်ငန်းစဉ်အတိုင်း အရေးယူဆောင်ရွက်သွားပါမယ်” ဟု သူက ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျိုက်ထိုတော်လှန်ရေးအင်အားစုအဖွဲ့ကို Myanmar Now က ဆက်သွယ် မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ဖြေကြားရန် မရှိသေးကြောင်း ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အပစ်ရပ် (NCA) လက်မှတ်ရေးထိုးသော KNU ၏ တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲများ ပြန်ဖြစ်လာခဲ့ပြီး ခရိုင်အလိုက် စစ်အာဏာရှင်ကို ဆန့်ကျင်သောသူများ ခိုလှုံခွင့်၊ စစ်ပညာသင်ကြားပေးခဲ့ပြီး PDF အခြေစိုက်တပ်များလည်း လှုပ်ရှားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)