အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကော့ကရိတ်ရှိ စစ်တပ်စခန်းကို KNU က နာရီဝက်အတွင်း သိမ်းယူ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ အမှတ် ၅၅၇ ခြေမြန်တပ်ရင်း စခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မဟာမိတ်ပူးပေါင်းတပ်များက ယမန်နေ့ (စက်တင်ဘာ ၂၀) တွင် နာရီဝက်အတွင်း သိမ်းယူခဲ့သည်။

တော်လှန်ရေးအဖွဲ့ဘက်မှ ထိခိုက်မှုကို မသိရသော်လည်း စစ်တပ်ဘက်က ၇ ဦးသေဆုံးကာ ၂ ဦးကို ဒဏ်ရာဖြင့် ဖမ်းမိကြောင်း၊ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိကြောင်း KNU ဘက်က ဆိုသည်။

ယမန်နေ့ မွန်းလွဲ ၂နာရီ ၂မိနစ်တွင် စတင် တိုက်ခိုက်ရာ ၂ နာရီ ၁၉ မိနစ်တွင် ပွဲသိမ်းနိုင်ခဲ့ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“စခန်းဝင်တိုက်တာက အချိန်တိုမိနစ်ပိုင်း နာရီဝက်​တောင် မကြာဘူး။ စနိုက်ပါနဲ့ တဖြုတ်ဖြုတ် အမှည့်​​ခြွေခံရ​တော့လို့ အခုတစ်ခါ ခုခံမှုသိပ်မရှိဘူး” ဟု ၎င်းက ဆိုသည်။

ထိုတိုက်ပွဲတွင် KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်ရင်း ၁၈ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဒေါနစစ်ကြောင်းတို့ ပူးတွဲစစ်ဆင်ခဲ့သည်။

ကြိတ်စခန်းဟု အမည်ရသည့် ထိုကုန်းပေါ်မှ တပ်ဖွဲ့ကို ဩဂုတ်လမှစ၍ KNUနှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့က ပိတ်ဆို့ထားခဲ့ကြောင်း KNU ထံမှ သိရသည်။

ထိုစခန်းမှ MA စီးရီး သေနတ်အမျိုးအစားစုံ ၁၀ လက်၊ RPG  ၂ လက်၊ BA 100 စိန်ပြောင်း ၁ လက်၊ ငါးကြင်းမြီး စက်လက် ၁ လက်နှင့် ကျည်မျိုးစုံ သိမ်းမိသည်ဟု KNU က ယနေ့ (စက်တင်ဘာ ၂၁) ထုတ်ပြန်သည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ကြိတ်စခန်းကို သိမ်းဆည်းပြီးနောက် တော်လှန်ရေးအဖွဲ့များ အောင်ပွဲခံနေစဉ်။ ဓာတ်ပုံ – KNU

တိုက်ပွဲအပြီးတွင် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မည်စိုး၍ ကြိတ်ကျေးရွာမှ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ဒေသအခြေစိုက် KIC သတင်းဌာနက ရေးသားထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ဆန့်ကျင်ပြီးနောက်တွင် KNU ထိန်းချုပ်ရာ ကရင်နှင့် ပဲခူးတိုင်း ဒေသအများအပြားတွင် စစ်ကောင်စီက အပြင်းအထန်စစ်ဆင်နေသည်။

KNU လက်အောက်တွင်  တပ်မဟာ ၇ ခု ရှိသည့်အနက် ဌာနချုပ်ရှိရာ တပ်မဟာ ၇၊ ဘားအံခရိုင်တစ်ခုတွင်သာ သေနတ်သံ ငြိမ်သက်နေသေးသည်။

ယမန်နေ့က KNU သိမ်းလိုက်သည့် ကြိတ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အာဏာသိမ်းစ ၂၀၂၁ ဩဂုတ်လအတွင်း ရိက္ခာပြတ်လပ်မှုကြောင့် စခန်းကို စွန့်သွားခဲ့ဖူးသည်။ ထိုစဉ်က များမကြာမီတွင် စစ်တပ်က အင်အားဖြည့်၍ ပြန်လည်တပ်စွဲထားသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ၎င်းတို့ နယ်မြေအတွင်းရှိ စစ်တပ်စခန်းအချို့ကို KNU က သိမ်းယူဖူးသည်။ KNU တပ်မဟာ ၆ အခြေစိုက်ရာ မြဝတီမြို့နယ်အတွင်းရှိ သေ့ဘောဘိုး၊ မော်ခီး စသည့် စစ်ကောင်စီစခန်း သိမ်းဆည်းခံရသည့်ဖြစ်စဉ်များမှာ ထင်ရှားသည်။

ကြိတ်စခန်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button