အာဏာသိမ်းပြီး တစ်နှစ်အတွင်း ရွေးကောက်ပွဲသစ်ကျင်းပကာ သမ္မတလုပ်ရန် မင်းအောင်လှိုင် ကြံစည် ခဲ့သည်။ သို့သော် ဆန္ဒပြမှုများမှတဆင့် လက်နက်ကိုင်တော်လှန်ရေးအထိ ဖြစ်လာသောအခါ အရေးပေါ်ကာလကို နှစ်နှစ်အထိ အချိန်ဆွဲဆန့်ခဲ့သည်။
လက်ရှိတွင် အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးရန် အချိန်လေးလသာ ကျန်ရှိတော့သည်။ အခြားသော အကြောင်းခြင်းရာများအပြင် စစ်ရေးနှင့် သံတမန်ရေးပါ အခြေမလှဖြစ်နေသော မင်းအောင်လှိုင်အနေဖြင့် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ကြံစည်နေကြောင်း အထာက်အထားများ ပေါ်ထွက်လာသည်။
မကြာသေးမီက သွားရောက်ခဲ့သော ရုရှားနိုင်ငံခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင်က ရွေးကောက်ပွဲ အကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံပိုင် RIA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မတည် ငြိမ်နိုင်သေးသော နိုင်ငံရေးအခြေအနေများအပြင် ရွေးကောက်ပွဲအကြောင်းပါ ထည့်သွင်းပြောဆိုခဲ့သည်။
မင်းအောင်လှိုင်၏ ဖြေဆိုမှုအပေါ် သံသယဝင်လာသော RIA သတင်းထောက်က “လက်ရှိဖြစ်ပေါ်တိုးတက် နေတဲ့ အခြေအနေနဲ့ သုံးသပ်ဆွေးနွေးသွားတဲ့ အချက်တွေအပေါ်မှာ စဉ်းစားသုံးသပ်ကြည့်တဲ့အခါ လာမယ့် ကာလတိုအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိနိုင်ဟု သုံးသပ်မိပါတယ်။ အချိန်ကာလတစ်ခုအထိ ရွှေ့ဆိုင်းဖို့ ရှိပါသလား” ဟု ထပ်ဆင့်မေးမြန်းတော့သည်။
ထိုသို့ထပ်မေးခံရသော်လည်း မင်းအောင်လှိုင်က မတင်မကျပြန်ဖြေခဲ့သည်ကို တွေ့ရသည်။
“ကျွန်တော်တို့ အခုအချိန်မှာ ပြောဖို့စောသေးတယ်။ နောက်ထပ်အချိန် လေးငါးလလောက် ကျန်သေးတယ်။ ဒီအပေါ်မှာ အခြေအနေကြည့်ပြီးတော့မှ ဆုံးဖြတ်မျာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ချက်ချင်းကောက်ပြီးတော့ ကြိုပြီးဆုံးဖြတ်လို့ မရပါဘူး။ အခြေအနေကို ကျွန်တော်တို့ ကြည့်ရမှာဖြစ်ပါတယ်” ဟု ဆိုသည်။
“ရွေးကောက်ပွဲ ဖြစ်ရေးမဖြစ်ရေးဆိုတာကတော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးအားကောင်းလာဖို့ နိုင်ငံရေးတည်ငြိမ်အေးချမ်းဖို့ ဒီအပေါ်မှာ အများကြီးမူတည်ပါတယ်။ တတ်နိုင်သလောက် ကျွန်တော်တို့ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်” ဟု မင်းအောင်လှိုင်က အကြောင်းပြချက် ပေးသည်။
အာဏာသိမ်းခေါင်းဆောင်၏ ဝေ့လည်ကြောင်ပတ် မရေမရာဖြေခဲ့ပုံက ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ကြံစည်နေကြောင်း ထင်ရှားစေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို အတိအလင်းချိုးဖောက်ကာ အာဏာသိမ်းခြင်းဖြစ်သော်လည်း မင်းအောင်လှိုင်က “အာဏာထိန်း” သည်ဟု ကမ္ဘာသိလိမ်ညာခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထိုအချိန်ကတည်းက အသက်ဝိညာဉ် ချုပ်ငြိမ်းသွားပြီဖြစ်သည်။ ရွေးကောက်ပွဲရွှေ့ဆိုင်းရန် မင်းအောင်လှိုင်တွင် အခွင့်အာဏာ ရှိမရှိ ခြေဥပါပြဋ္ဌာန်းချက်များကို စောကြောရတော့မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကောင်စီသက်တမ်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေက လုပ်ပိုင်ခွင့်ပေးမထားဘဲ ဒုသမ္မတ (၁) ဖြစ်သူ ဦးမြင့်ဆွေက ယာယီသမ္မတအမည်ခံကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ခေါ် ယူလိုက်သည်။ ထို့နောက် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၁) ပါ ပုဒ်မ ၄၁၇ အရ မင်းအောင်လှိုင်ကို အာဏာသုံးရပ် လွှဲပြောင်းပေးခဲ့သည်။
ခြေဥ၏ပုဒ်မ ၄၃၁ တွင် “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာတွင် “နိုင်ငံတော်သမ္မတအမည်” ဖြင့် ဖော်ပြဆောင်ရွက်ရမည်ဟု ရှင်းလင်းစွာပြဋ္ဌာန်းထားသော်လည်း ဦးမြင့်ဆွေသည် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ယာယီသမ္မတအမည်ခံကာ ထုတ်ပြန်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သူပင်ဖြစ်သည်။
လူအများ သတိမထားမိသည်မှာ စစ်ကောင်စီ၏ သက်တမ်းဖြစ်သည်။ အာဏာသိမ်းပြီး နောက်တစ်ရက်တွင် စစ်တပ်အကြီးအကဲဖြစ်သူ မင်းအောင်လှိုင်က ခြေဥ၏ ပုဒ်မ ၄၁၉ အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ကို ဖွဲ့စည်းကြောင်း ကြေညာပြီး ၎င်းက ဥက္ကဋ္ဌဖြစ်သည်။
စစ်ကောင်စီသက်တမ်းမှာ ခြေဥ၏ အရေးပေါ်ကာလ သတ်မှတ်ချက်အတိုင်း ဖြစ်သဖြင့် တစ်နည်းအားဖြင့် ကောင်စီဥက္ကဋ္ဌဖြစ်သူ မင်းအောင်လှိုင်၏ သက်တမ်းလည်းဖြစ်သည်။ ခြေဥအရ အရေးပေါ်ကာလသက်တမ်းကို ခြောက်လတစ်ကြိမ် တိုးမြှင့်နိုင်သည်ဖြစ်ရာ ယခုနှစ် ဇန်နဝါရီလ ၃၁ နှင့် ဇူလိုင်လ ၃၁ တို့တွင် ကာလုံအစည်းအဝေးခေါ်ယူကာ နှစ်ကြိမ်တိုင် သက်တမ်းတိုးခဲ့ပြီးဖြစ်သည်။
ခြေဥအရ စစ်ကောင်စီသက်တမ်းမှာ အချိန်လေးလခွဲသာ ကျန်ရှိတော့သည်။ ရုရှားသတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ပြောဖို့စောသေးတယ်၊ နောက်ထပ်အချိန် လေးငါးလ လောက်ကျန်သေးတယ်” ဟု မင်းအောင်လှိုင်ဖြေဆိုခဲ့ခြင်းမှာ စစ်ကောင်စီဥက္ကဋ္ဌသက်တမ်းကို တွက်ဆပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။
အာဏာလက်မလွှတ်ရေး မင်းအောင်လှိုင်၏အကြံအစည်
ခြေဥပါ ပြဋ္ဌာန်းချက်များမှာ ရှင်းလင်းသည်။ အရေးပေါ်ကာလသက်တမ်း ၂ နှစ်ကုန်ဆုံးချိန်တွင် “ပုဒ်မ ၄၁၈ အရ” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည်” ဟု ခြေဥပုဒ်မ ၄၂၆ တွင် ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားသည်။
တဖန် ပုဒ်မ ၄၂၉ အရ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကိုပယ်ဖျက်ကြောင်း “ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း” ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည်” ဟု အတိအလင်းပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ခြေဥပါပြဋ္ဌာန်းချက်များအရ အရေးပေါ်ကာလသက်တမ်း ကုန်လွန်ပြီးနောက် ခြောက်လအတွင်း ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းရမည်သာဖြစ်သည်။ ထို့ကြောင့်လည်း ရုရှားသတင်းဌာနက မေးမြန်းရာတွင် မရေမရာဖြေဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တိတိပပ ဖြေစရာမရှိသဖြင့် “ပြောဖို့စောသေးတယ်”၊ “အခြေအနေကြည့်ပြီးတော့မှ ဆုံးဖြတ်မှာ ဖြစ် ပါတယ်” ၊ “ကြိုပြီးဆုံးဖြတ်လို့ မရပါဘူး”၊ “တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်နေပါတယ်” စသည့် မရေရာသော စကားလုံးများဖြင့် မလိမ့်တပတ် ဖြေဆိုခဲ့ခြင်းဖြစ်သည်။
“စကား စကားပြောပါများ စကားထဲက ဇာတိပြ” ဆိုသည့်အတိုင်း မင်းအောင်လှိုင် ဇာတိပြလာချေပြီ။
အာဏာသိမ်းယူရေး အကြံအစည်ရှိခဲ့သူ မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကပင် ရံဖန်ရံခါ အင်တာဗျူးများ၊ အခမ်းအနားများမှတဆင့် အခါခွင့်သင့်တိုင်း အကြောင်းပြချက်များပေးကာ အခြေအနေ ဖန်တီးတည်ဆောက်ခဲ့သည်။
ယခုအခါ မင်းအောင်လှိုင်က ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ကြံစည်ရင်း အာဏာလက်မလွှတ်ရေးအတွက် အကြောင်းရင်းများကို စတင်တည်ဆောက်နေပြီဖြစ်သည်။
နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများကြောင့် အခြေမလှဖြစ်နေသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြားအလပ်မရှိ ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း မကြာခဏ လေလုံးထွားလေ့ရှိသူ မင်းအောင်လှိုင် က လက်ရှိအချိန်တွင် လေသံပြောင်းလာပြီဖြစ်သည်။
အာဏာသိမ်း ခေါင်းဆောင်အနေဖြင့် မကြာသောကာလတွင် အခြေခံဥပဒေအုတ်မြစ် ခိုင်မာအောင်တည် ဆောက်ရေးဘက်ကို ဦးတည်ပြောဆိုလာမည်ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးက ဖွင့်ဟသည်။
“NLD လက်ထက်က ၃၁၅ မြို့နယ်မှာ လုပ်နိုင်တာကိုတောင် အပြစ်တင်တဲ့လေသံမျိုး ပြောတယ်။ သူလုပ် ရင် ၃၁၅ အထက်လုပ်မယ်ပေါ့လေ။ ဒီခြောက်လနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ မဖြစ်နိုင်တဲ့ဟာကို ကိုင်ပြီး ပြောတယ်ဆိုကတည်းက အခြေခံဥပဒေသစ် ရေးဆွဲရေးလမ်းကြောင်းကို စခင်းနေပြီ” ဟု ကြံ့ခိုင်ရေးပါတီ ဝင်ဟောင်းလည်းဖြစ်သူ ထိုစစ်ဗိုလ်ချုပ်ဟောင်းက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာလုယူခဲ့သူ မင်းအောင်လှိုင်အနေဖြင့် အလိမ်ပေါ်အလိမ့်ဆင်ကာ အာဏာလက်မလွှတ်ရေး တစ်နည်းတစ်ဖုံကြံစည်နေမည်မှာ မြေကြီးလက်ခက်မလွဲပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)