သတင်း

စစ်တပ်က ဖားကန့် ဒေသခံ ၂ ဦးကို PDF ထောက်ပံ့သူဟု စွပ်စွဲပြီး ဆိုင်ကို မီးရှို့  

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စု၊ မှော်ပုံရွာကို ယမန်နေ့ (စက်တင်ဘာ ၁၄) နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် စီးနင်းပြီး ကုန်စုံဆိုင်တစ်ဆိုင်အတွင်းမှ အမျိုးသားနှစ်ဦးကို ဖမ်းဆီး သွားသည်ဟု ဒေသခံအချို့က ပြောသည်။

နံနက် ၅ နာရီခန့်က စစ်ကောင်စီတပ်က မှော်ပုံရွာကို ကား ၅ စီးဖြင့် ဝင်ရောက်စီနင်းခဲ့ပြီး ကုဋေဦး ကုန်စုံဆိုင်မှ ဆိုင်ပိုင်ရှင်နှင့် လူငယ်တစ်ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု အသက် ၃၀ အရွယ် ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ထောက်ပံ့သည်ဟု စွပ်စွဲ ဖမ်းဆီးသွားခဲ့ပြီး ကုန်စုံဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

“ဆိုင်ရှင်ကတော့ ဘိုးတော်အရွယ်ပေါ့။ အသက်နည်းနည်းကြီးတယ်။ ပြီးတော့ အဲဒီဆိုင်ကပဲ ကောင်လေးတစ်ယောက်ကိုပါ ဖမ်းသွားတာ၊ သူတို့က ဘာ PDF နဲ့မှ မဆိုင်ဘူး၊ ဈေးပဲရောင်းနေကြတာ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

ဖမ်းခံရသူနှစ်ဦး၏ အမည်၊ အသက်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

မှော်ပုံရွာမှာ ဖားကန့်မြို့ မြောက်ဘက် ၅ မိုင်ခန့်အကွာတွင်ရှိပြီး ရွာနှင့် ကပ်လျက်တွင် ဆန်ခါအကျဉ်းထောင်ရှိကာ ဖမ်းဆီးမှုမဖြစ်ပွားမီ နံနက် ၁ နာရီခန့်တွင် ကျည်ဆံဖြုန်းအားကောင်းသော စစ်ကောင်စီတပ်က ထိုနေရာဝန်းကျင်ကို ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ထို့ပြင် ဆန်ခါအကျဉ်းထောင်ရှိ စစ်ကောင်စီတပ်များက KIA နှင့် PDF များ ရှိမည်ဟု ယူဆရသည့်နေရာများသို့ လက်နက်ကြီး ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း အသက် ၃၆ နှစ်အရွယ် ဆန်ခါရွာသားတစ်ဦးက ပြောသည်။

“တိုက်ပွဲ ဖြစ်မဖြစ်တော့ မသိဘူး၊ ဒီဘက်ကတော့ (စစ်ကောင်စီ) ရမ်းပစ်နေတာပဲ၊ မနက် ၁ နာရီလောက်က တစ်ကြိမ်၊ မှော်ပုံရွာကို ဝင်စီးတဲ့အချိန်က တစ်ချိန် ပစ်တဲ့အသံတွေကြားရတယ်” ဟု အထက်ပါ ဆန်ခါရွာသားက ပြောသည်။

ယမန်နေ့နံနက်တွင် စစ်ရေးတင်းမာမှုများရှိနေသော်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

ယမန်နေ့နံနက် မှော်ပုံရွာစီးနင်းမှုပြီးသည့်နောက် မှော်ပုံဒေသခံအများစုမှာ လုံခင်းကျေးရွာနှင့် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်ခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် မွန်းလွဲပိုင်းအထိ ထွက်ပြေးသူများ ရှိနေကြသည်ဟု သိရသည်။

ဒေသခံတို့ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ထံမှ တုန့်ပြန်ချက် ရရှိရေးအတွက် မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးသလို စစ်တပ်ကလည်း ထိုဒေသဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၆ ကလည်း မှော်ပုံရွာကို စစ်ကောင်စီတပ်က ဝင်စီးနင်းပြီး နေအိမ်တစ်လုံးနှင့် ကားတစ်စီးကို မီးရှို့ဖျက်ဆီးကာ ရွာခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ကမ္ဘာကျော် ကျောက်စိမ်းမြို့ဖြစ်သည့် ဖားကန့်မြို့တွင် သတ်ဖြတ်မှုများနှင့် ဖမ်းဆီးမှုများ အဆက်မပြတ်ဖြစ်ပွားနေသည်။

ဆန္ဒပြသူများ၊ ခုခံသူဟု ယူဆရသူများကို နှိမ်နင်းနေသည့် စစ်ကောင်စီတပ်က ပြီးခဲ့သည့်နှစ် ဩဂုတ်လမှ စတင်ကာ ဖားကန့်တစ်မြို့နယ်လုံးကို အင်တာနက်ဖြတ်တောက်ထားခဲ့သည်။

အဆိုပါနယ်မြေသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ နယ်မြေလည်းဖြစ်ပြီး ဒေသခံအများစုသည် KIA ထောက်ခံသူများ ဖြစ်ကြသည်။ 

စက်တင်ဘာ ၁၂ ကလည်း ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ကျေးရွာအနီးရှိ KIA ၏ ဝခါးစခန်းကုန်းနှင့် ရုံးအဆောက်အအုံတို့ကို စစ်ကောင်စီတပ်နှင့် ရှဒူဇွပ်ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့၍ စစ်ရေးအခြေအနေ တင်းမာနေသည်။ 

Related Articles

Back to top button