အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးကုတ်အနီးချုံခိုတိုက်ပွဲတွင် စစ်တပ်အထိနာဟု သပိတ်ကျင်း PDF ပြော

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အနောက်ပိုင်းကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းက ချုံခိုတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်သား ၁၅ ဦး အနည်းဆုံး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

မိုးကုတ် ကျပ်ပြင်ရပ်မှ ၁၅ မိုင်ခန့်အကွာတွင်ရှိသည့် လောင့်စင်ကျေးရွာ၊ ဂွေးပင်ကျေးရွာတို့တွင် စစ်ကြောင်းထိုးနေသည့် အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီတပ်ကို  သပိတ်ကျင်း PDF တပ်ရင်း ၁၂၂၁၊ ၁၂၂၂နှင့် ၁၂၂၃ တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ကားတွေလာမယ့် လမ်းရဲ့ဘေးကနေ အနီးကပ် စောင့်နေခဲ့ပြီးတော့ ပေ ၆၀ လောက်အကွာမှာ အနီးကပ်တိုက်ပွဲဖြစ်ပါတယ်၊ ကျွန်တော်တို့ ပစ်သွင်းလိုက်တဲ့ လက်ပစ်ဗုံးတစ်လုံးက ကားတစ်စီးထဲကို တည့်တည့်ဝင်သွားခဲ့တယ်၊ အဲဒီကားပေါ်မှာ အနည်းဆုံးစစ်သား သုံးဆယ်လောက်ပါတယ်” ဟု တပ်ရင်း ၁၂၂၂ ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မျက်ပြူးက ဆိုသည်။

မိနစ်သုံးဆယ်ခန့်ကြာသည့် တိုက်ပွဲတွင် လက်ပစ်ဗုံးဖြင့် ပစ်ခြင်း၊ အသင့်ထောင်ထားသည့် မိုင်း ၅ လုံးကို ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်၊ စစ်ကောင်စီတပ်ကလည်း ပြန်လည် ပစ်ခတ်သည်ဟု ဆိုသည်။

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာကလည်း အထိုင်တပ်တစ်ခုရှိတော့ အဲ့ဒီကနေ ၆၀ မမတွေနဲ့ ပစ်တယ်၊ အချက် ၂၀ လောက်ရှိမယ်၊ ကားတန်းကလည်း လက်နက်ငယ်တွေနဲ့ပစ်တယ်၊ ကျွန်တော်တို့ကိုတော့ မထိဘူး၊ တစ်ယောက်မှကို အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်”ဟု ဗိုလ်မျက်ပြူးက ဆိုသည်။

ဗုံးထိသည့်ကားပေါ်မှ  သေဆုံးသူ ဗိုလ်ကြီးမှာ အမှတ် ၃၃ ခြေလျင်တပ်ရင်း(ခလရ၃၃)မှ ဖြစ်ကြောင်း၊၊ တပ်ရင်းမှူးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့၏ စစ်တပ်တွင်း ရင်းမြစ်ကို ကိုးကားပြီး ပြောကြားသည်။

မိုးကုတ်မြို့၏ အရှေ့ပိုင်းရပ်နှင့် အနောက်ပိုင်းရပ်သည် ၇ မိုင် ဝေးကွာလျက် သီးခြားစွာ တည်ရှိပြီး စစ်ကား တိုက်ခိုက်ခံရသည့် အနောက်ပိုင်းရပ်သည် သပိတ်ကျင်းမြို့နယ်နှင့် ကပ်လျက် တည်ရှိသည်။

တိုက်ခိုက်ခံရမှု အခြေအနေများကို ထုတ်ပြန်ပြောကြားလေ့မရှိသည့် အာဏာသိမ်းစစ်ကောင်စီက မိုးကုတ်အနောက်ပိုင်းရပ် တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

လက်ရှိတွင်မူ အာဏာသိမ်းစစ်တပ်သည် နိုင်ငံအနှံအပြားတွင် စစ်မျက်နှာများဖွင့်ထားရသည့်အပြင် အင်အားဆုံးရှုံးမှုများပြားနေသည့်အတွက် တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း လေယာဉ်များကို ခပ်စိပ်စိပ်အသုံးပြုနေရသည်။ ထိခိုက်ကျဆုံးမှုများပြားသည့် တိုက်ပွဲများတွင်လည်း တိုက်ခိုက်ရေးလေယာဉ်များကို အသုံးပြုပြီး ဗုံးကြဲမှုများ စစ်ကောင်စီလေတပ်က လုပ်ဆောင်လေ့ရှိသည်။

အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းများအတွင်း စစ်ကောင်စီတပ်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲများ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်လျက်ရှိသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုISP-Myanmar ၏ ဩဂုတ် ၂၉ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာသိမ်းသည့်နေ့မှ  ၂၀၂၂ ဇူလိုင် ၃၁ အထိ ကရင်ပြည်နယ်တွင် တိုက်ပွဲပေါင်း ၃,၉၉၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ISP-Myanmar က ဆိုသည်။ စစ်ကိုင်းတိုင်းအတွင်းမှာမူ တိုက်ပွဲပေါင်း ၆၄၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button