
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် တိုက်ပွဲများဆက်နေပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် နေအိမ်အချို့ ပျက်စီးပြီး အရပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု အင်းတော်-PDF အဖွဲ့က ပြောသည်။
ဩဂုတ် ၂၃ ရက်နေ့က အင်းတော်မြို့ အရှေ့ဘက် ၃ မိုင်ခန့်အကွာ နဘားရွာအတွင်းမှ ထွက်ခွာလာသည့် အင်အား ၇၀ ကျော်ပါသည့် တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အင်းတော်-PDF နှင့် ကျောင်းသားတပ်မတော် (ABSDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
တိုက်ပွဲအတွင်း အထိနာသွားသည့် စစ်ကောင်စီတပ်က တောတွင်းသို့ ဆုတ်ခွာသွားခဲ့သည်ဟု အင်းတော်-PDF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ဒဏ်ရာရတာတွေတော့ အများကြီးပဲ၊ လက်မောင်းတွေ ပေါင်တွေရော။ သေတာကတော့ နှစ်ယောက်ရှိတယ်၊ ကားလမ်းဘေးမှာတင် လဲနေတာ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် အနီးရှိ နားရခေါင်ရွာမှ နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် နဘားလမ်းဆုံအနီးရှိ ဈေးဆိုင်များနှင့် နေအိမ်များမှ ရွှေ၊ ငွေ၊ ဖုန်းနှင့် အခြားတန်ဖိုးကြီးပစ္စည်းများကို ရှာဖွေကာ ယူသွားကြသည်ဟု အင်းတော်-PDF အဖွဲ့က ဆိုသည်။
ကျည်ဆန်ပေါများသော စစ်ကောင်စီတပ်က ရပ်ရွာများသို့ ချဉ်းကပ်ချိန်တွင် အဆက်မပြတ် ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
နဘားရွာတိုက်ပွဲနှင့် တစ်ချိန်တည်းလိုလိုပင် အင်းတော်မြို့တောင်ဘက် အစွန်ဆုံးရှိ ပိန္နဲကုန်းရွာအနီးတွင် ပစ်ခတ်မှုများဖြစ်ခဲ့ပြီး အသက် ၄၀ ခန့်ရှိသည့် အမျိုးသားတစ်ဦး ဦးခေါင်းတွင် လက်နက်ကြီးစ ထိမှန်ကာ သေဆုံးခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သူတို့ဘက်က တစ်ဖက်သတ်ရမ်းပစ်တာ ပိုများတယ်၊ ပစ်တဲ့အထဲက လက်နက်ကြီးတစ်လုံးက အဲဒီရွာထဲကို တန်းကျသွားတာ အဲဒီမှာ မှန်သွားတယ်လို့ ပြောတယ်” ဟု သူက ပြောသည်။
ယနေ့ နံနက် ၅ နာရီမှစ၍ နဘားရွာနှင့် တစ်မိုင်ခန့်ကွာသည့် တောင်ပေါ်တွင် ဩဂုတ် ၂၃ ရက်နေ့က ဖြစ်ပွားသည့် တပ်မ ၈၈ လက်အောက်ခံတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“နဘားနဲ့ တစ်ဆက်တည်းပဲ၊ တောင်ပေါ်တစ်ကြောမှာ နေနေကြလို့ ကျွန်တော်တို့ လိုက်တိုက်ကြတာ၊ အသေးစိတ်တော့ မသိရသေးဘူး အခုထိဖြစ်နေတုန်းပဲ” ဟု ၎င်းက ဆက်ပြောသည်။
မွန်းလွဲပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် တိုက်ပွဲအသေးစိတ်မသိရသေးကြောင်း၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရထားသလို စစ်ကောင်စီတပ်တွင်လည်း အကျအဆုံးများကြောင်း သိရသည်။
အင်းတော်မြို့ပေါ်တွင် စစ်ကောင်စီက အစစ်အဆေးပိုမိုတင်းကျပ်ထားပြီး မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စစ်ကောင်စီတပ်သားတို့က ဆိုင်ကယ်၊ ကားများကို တားဆီးစစ်ဆေးနေသည်ဟု အသက် ၅၀ ခန့်ရှိသည့် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် မြို့ပေါ်ရှိ အထပ်မြင့်အဆောက်အအုံများတွင်ပါ နေရာယူထားပြီး စောင့်ကြည့်နေသည်ဟု သိရသည်။
မြို့ခံများကတော့ ပုံမှန်တိုင်း သွားလာလှုပ်ရှားနေသည်ဟု အထက်ပါ မြို့ခံအမျိုးသမီးက ပြောသည်။
ဩဂုတ် ၂၁ ရက်နေ့က အင်းတော်ဆေးရုံတွင် ငှက်ဖျားရောဂါကြောင့် ဆေးရုံလာတက်နေသည့် အမျိုးသားတစ်ဦးနှင့် လူနာစောင့် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့ကို PDF အဖွဲ့ဝင် ဖြစ်နိုင်သည်ဟု ဆိုကာ စစ်ကောင်စီတပ်က သွားရောက် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူ ၃ ဦးလုံးမှာ သာမန်တောင်သူများသာဖြစ်ပြီး ၎င်းတို့ တော်လှန်ရေးအဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း အင်းတော်-PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဇူလိုင် ၁၁ ရက်တွင် အင်းတော်မြို့ တောင်ဘက် ၆ မိုင်ခန့်အကွာရှိ မဲဇာရဲစခန်းကို KIA, PDF ပူးပေါင်း၍ ဝင်တိုက်ပြီးနောက် အင်းတော်မြို့တွင် စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ချထားခဲ့သည်။
ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံကြရာတွင် စစ်ကိုင်းတိုင်းမှာ ရှေ့တန်းမှ ပါဝင်သည်။
KIA အခြေစိုက်ရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်မျဉ်းအနီးရှိ အင်းတော်၊ ကသာ စသည့်မြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)