သတင်း

အင်းတော်တွင် တိုက်ပွဲဆက်၊ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲရက်ဆက် ဖြစ်ပွားနေရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုများသည်ဟု အင်းတော်-PDF အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဩဂုတ် ၁၉ တွင် ထီးချိုင့်မြို့နယ်မှ အင်အား ၆၀ ခန့်ဖြင့် တက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် အင်းတော်-PDF၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များ တပ်ပြန်ဆုတ်သွားခဲ့သည်။

ဩဂုတ် ၂၀၊ နံနက် ၉ နာရီခန့်တွင် တောလမ်းမှတစ်ဆင့် ထပ်မံစစ်ကြောင်းထိုးလာစဉ် အင်းတော်မြို့၏ တောင်ဘက် ကျောင်းကုန်းကျေးရွာအနီး တိုက်ပွဲထပ်ဖြစ်ပွားခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တိုက်ပွဲက ပြင်းတယ်၊ သူတို့က‌တော့ လက်နက်အင်အားများတာပေါ့ဗျ။ လက်နက်ကြီးတွေ များများ ပစ်နိုင်တယ်” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

တိုက်ပွဲ တစ်နာရီခန့် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ် နောက်ပြန်ဆုတ်သွားသည့်အတွက် လိုက်လံတိုက်ခိုက်ရာ မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ပွဲ နောက်တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၆ ဦး သေဆုံးသည်ကို တွေ့ခဲ့ရပြီး၊ KIA မှ တစ်ဦး၊ အင်းတော်-PDF မှ တစ်ဦးနှင့် ထီးချိုင့် (ပကဖ) အဖွဲ့ဝင် နှစ်ဦးတို့ သေဆုံးခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ဘက်က အကျအဆုံးရှိတာက၊ ကျွန်တော်တို့ဘက်က လိုသွားတာပေါ့။ သူတို့ကို အထင်သေးပြီး ပေါ့ဆတာလည်း ပါတာပေါ့” ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ နံနက် ၈ နာရီခန့်တွင် အင်းတော်မြို့နယ် နဘားလမ်းဆုံအနီး အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီ တပ်မ ၈၈ တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး မွန်းလွဲ ၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဟု သိရသည်။

ယနေ့ နံနက်ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးကြောင်း၊ တိုက်ပွဲအသေးစိတ်ကို သတင်းပို့လာခြင်းမရှိသေးကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

အင်းတော်မြို့ပေါ်တွင် ယနေ့ နံနက်က စစ်ကောင်စီတပ်အချို့ စစ်ကားများနှင့် လှည့်လည်သွားလာနေသည်ကို တွေ့ရသော်လည်း ဒေသခံများကတော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေသည်ဟု အသက် ၅၀ ခန့်ရှိသည့် မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဇူလိုင် ၁၁ တွင် အင်းတော်မြို့ တောင်ဘက် ၆ မိုင်ခန့်အကွာရှိ မဲဇာရဲစခန်းကို KIA နှင့် PDF ပေါင်း၍ ဝင်တိုက်ပြီးနောက် အင်းတော်မြို့တွင် စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ချထားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ တွင် အင်းတော်နှင့် မော်လူးကြား ပင့်တင်ကျေးရွာရှိ KTV တွင် ရောက်ရှိနေသော တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးကို အင်းတော်-PDF က ဝင်ရောက်ပစ်ခတ်ရာ တစ်ဦးသေပြီး တစ်ဦး အရှင်ဖမ်းမိခဲ့သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်သည့်နောက် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံကြရာတွင် စစ်ကိုင်းတိုင်းမှာ ရှေ့တန်းမှ ပါဝင်သည်။

KIA အခြေစိုက်ရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်မျဉ်းအနီးရှိ အင်းတော်၊ ကသာ စသည့် မြို့နယ်များတွင် စစ်ရေးပိုမိုတင်းမာနေပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button