သတင်း

စစ်သားများရှိနေသည့် KTV ကို PDF ဝင်ပစ်ရာ တစ်ဦးသေ၊ တစ်ဦးဖမ်းမိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မိဘမေတ္တာ KTV ဆိုင်တွင် ရောက်နေသော စစ်ကောင်စီတပ်သားတို့ကို ဇူလိုင် ၂၇ နေ့လယ်ပိုင်းတွင် ပစ်ခတ် ဖမ်းဆီးရာ တစ်ဦးသေပြီး တစ်ဦးဖမ်းမိခဲ့သည်ဟု သိရသည်။

အင်းတော်နှင့် မော်လူးကြား ပင်းတင့်ကျေးရွာတွင် ဖြစ်ပွားသည့် ထိုဖြစ်စဉ်တွင် တပ်ကြပ်ကျော်သူရ သေဆုံးပြီး တပ်သား ချမ်းအေးကို ဖမ်းမိသည်ဟု အင်းတော် PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အဲဒီ KTV ဆိုင်က ကားလမ်းဘေးတင်ဆိုတော့ သူတို့က ခရီးသွားကားတွေဆီက ပိုက်ဆံတောင်းလိုက်၊ အဲဒီဆိုင်မှာ သောက်စားပျော်ပါးလိုက်နဲ့ လုပ်နေတာကို သတင်းရလို့ ကျွန်တော်တို့ သွားပစ်တာ” ဟု အထက်ပါ PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုစစ်သားများမှာ အင်းတော်မြို့မှ မော်လူးရဲစခန်းတွင် လုံခြုံရေးယူထားသည့် တပ်မ ၈၈ လက်အောက်ခံ အမှတ် ၄၁၆ ခြေမြန်တပ်ရင်းမှ ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။

တပ်သား ချမ်းအေးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်မည်ဟု အင်းတော် – PDF က ထုတ်ပြန်ထားသော်လည်း အသေးစိတ်မပါဝင်ပေ။

ထိုဒေသတွင် စစ်ရေးတင်းမာနေပြီး ဇူလိုင် ၂၉ တွင် စစ်ကောင်စီက အရပ်သုံး ၁၂ဘီးကား၊ တွဲကားသုံး၍ မော်လူးမှ အင်းတော်ဘက်သို့ လာစဉ် မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုဖြစ်စဉ်တွင် ယာဉ်တစ်စီးပျက်စီးသွားသည်ဟု PDF က ဆိုသည်။

“အနီးအနားက ဒေသခံတွေက‌တော့ စစ်ကောင်စီတပ်က သေဆုံးမှုတွေရှိတယ်လို့ သိရတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် မရသေးပေ။

ဇူလိုင် ၁၁ ရက်တွင် အင်းတော်မြို့တောင်ဘက် ၆ မိုင်ခန့်အကွာရှိ မဲဇာရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် PDF ပေါင်း၍ ဝင်တိုက်ပြီးနောက် ထိုမြို့နယ်အတွင်းတွင် စစ်ကောင်စီက အင်အားတိုးမြှင့်ထားသည်ဟု အသက် ၅၀ အရွယ် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

အင်းတော်မြို့ပေါ်တွင် စစ်ကောင်စီတပ်၏ အင်အားအချို့ရှိနေသလို ကျေးရွာများတွင်လည်း စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း အင်းတော်-PDF အဖွဲ့က ဆိုသည်။

အထက်ပါဖြစ်စဉ်များအတွင်း အရပ်သားထိခိုက်မှုရှိမရှိ မသိရသေးလို စစ်ကောင်စီက ထိုဖြစ်စဉ်များနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံကြရာတွင် စစ်ကိုင်းတိုင်းမှာ ရှေ့တန်းမှ ပါဝင်သည်။

KIA အခြေစိုက်ရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်မျဉ်းအနီးရှိ အင်းတော်၊ ကသာ စသည့်မြို့နယ်များတွင် စစ်ရေး ပိုမိုတင်းမာနေပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button