သတင်း

ပြည်သူ့စစ်က ခရီးသည်အမျိုးသမီးကို ငွေတောင်း၊ ရိုက်နှက်

(ရန်ကုန်) — ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-လားရှိုးလမ်းပေါ်ရှိ နမ့်ခိုက်တံတားတွင် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့နှင့် ရင်ဆိုင်ရသည့် ခရီးသွားအမျိုးသမီးတစ်ဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရသည်ဟူသော အွန်လိုင်းရုပ်သံတစ်ခု သြဂုတ် ၈ ရက်နေ့က ထွက်ပေါ်လာရာ အဆိုပါ ပြည်သူ့စစ်အဖွဲ့ကို ဝေဖန် ကန့်ကွက်မှုများ မြင့်တက်နေသည်။

ငွေတောင်းခံစဉ် ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှု ရုပ်သံမှာ ၂ မိနစ်ကျော် ကြာပြီး ရုပ်သံ အစပိုင်းတွင် ကိုယ်ထိလက်ရောက် ပြုမူသည်ဟု ယူဆရသူ ယူနီဖောင်းဝတ်တစ်ဦး၏ ရန်စောင်မှုကို တွေ့နိုင်သည်။

အွန်လိုင်းလူမှုကွန်ရက်သုံးသူ အများအပြား လက်ဆင့်ကမ်းမျှဝေနေကြသော ထိုရုပ်သံနှင့် ပူးတွဲစာအရ ပြည်သူ့စစ်က ၃,ဝဝဝ တောင်းကြောင်း၊ မပေးနိုင်သည့်အတွက် ရိုက်နှက်ခြင်းဖြစ်ကြောင်း သိရသည်။

မကြာခဏ ဖြစ်ပွားနေသည့် ဆက်ကြေးတောင်း၊ ငွေညှစ်မှုများ လျော့ကျလာစေရေးအတွက် ကြပ်မတ် ဆောင်ရွက်သင့်သည်ဟု မူဆယ်မြို့ ဒေသခံ ကိုဇော်မင်းက ပြောသည်။

“ဘာကိစ္စပဲဖြစ်ဖြစ် လက်နက်ကိုင်အဖွဲ့အစည်းနဲ့တွေ့ရင် ရှောင်ရတာများတယ်။ မှားမှားမှန်မှန် ပြည်သူကပဲ ခံရတာပဲ။ လုံခြုံမှု မရှိဘူးလို့ ခံစားရတယ် ” ဟု ၎င်းက ပြောသည်။

မေ ၂၅ တောင်ကြီးမြို့တွင် ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် လက်နက်ကိုင်ပြည်သူ့စစ်များ ပြည်သူတို့ကို အနိုင်ကျင့်လျှင် တိုင်ကြားနိုင်သည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဝင်းအောင် က ပြောသည်။

တိုင်ကြားချက်ကို သက်ဆိုင်ရာစစ်တိုင်းများက စိစစ်အရေးယူမည်ဟု ဝန်ကြီးက ဆိုသည်။

အမျိုးသားလွှတ်တော်မှ အမတ်တစ်ဦးဖြစ်သူ စိုင်းဝမ်းလှိုင်ခမ်းက ယခင်ကလည်း မူဆယ်တွင် ပေါ်ပေါက်ခဲ့သည့် အလားတူ ဖြစ်စဉ်တစ်ခုမှာ ခြိမ်းခြောက်ခံရသူက တိုင်တန်းခဲ့သည့်အတွက် အရေးယူနိုင်ခဲ့ကြောင်း၊ စနစ်တကျ တိုင်ကြားနိုင်က ပိုမိုထိရောက်နိုင်ကြောင်း အကြံပြုသည်။

“အဖွဲ့အစည်းနဲ့ လက်နက်၊ အာဏာကို အသုံးပြုပြီးတော့ ပြည်သူတွေကို အနိုင်ကျင့်တာ ရိုက်နှက်စော်ကားတာ လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ” ဟု လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်ခမ်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူ့စစ် အဖွဲ့ပေါင်း ၁ဝဝ ဝန်းကျင်ခန့် ရှိကြောင်း သူက ဆက်ပြောသည်။

သြဂုတ် ၈ ရက်နေ့ဖြစ်စဉ်နှင့်ပတ်သက်၍ မူဆယ်မြို့နယ် ရဲစခန်း၏ မှတ်ချက် ရယူရန် တယ်လီဖုန်း အဆက်အသွယ် မရသေးပေ။

Show More

Related Articles

Back to top button