
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရုံးကို လုံခြုံရေးယူထားသည့် စစ်တပ်ကပစ်၍ တာဝန်ဖြင့် သွားလာနေသော နေ့စား လျှပ်စစ်ဝန်ထမ်းတစ်ဦး သေဆုံးသွားသည်။
ဒေဝလမ်းပေါ်ရှိ ကြံ့ခိုင်ရေးမြို့နယ်ရုံးအနီးတွင် ဩဂုတ် ၂၁ ရက် ည ၁၀ နာရီခန့်တွင် ထိုသို့ ပစ်သတ်ခံရသူမှာ လယ်ဝေးမြို့နယ်တွင် နေထိုင်သည့် လုပ်သက် ၆ လသာ ရှိသေးသူ အသက် ၂၁ နှစ်အရွယ် လျှပ်စစ် နေ့စားဝန်ထမ်းဖြစ်ကြောင်း ဒေသခံနှစ်ဦးက ပြောသည်။
စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ၏ ဒက္ခိဏသီရိမြို့နယ်ရုံးခွဲနှင့် ကပ်လျက်ရှိသည့် ကြေးမုံ ပုဂ္ဂလိကဆေးရုံကို ဝင်ထွက်နေသူတစ်ဦး၏ အဆိုအရ ထိုနေရာတစ်ဝိုက်တွင် လျှပ်စစ်ကြိုးများ ခိုးယူခံနေရ၍ ညဘက်တွင် လာစောင့်ကြည့်နေသည့် ဝန်ထမ်းကို ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။
“ထိတာက ဗိုက်ကို မှန်သွားတာ၊ ကျည်က ထုတ်ချင်းမပေါက်သွားဘူး၊ ဆေးရုံရောက်ချိန် သွေးထွက်လွန်ပြီး ဆုံးသွားတာ” ဟု ၎င်းက ပြောသည်။
အသေးစိတ်အချက်အလက်များကို လုံခြုံရေးအရ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။
အစစ်ဆေးခံရန် စစ်သားတို့က ခေါ်ယူစဉ် ကြောက်လန့်ထွက်ပြေးသောကြောင့် ပစ်လိုက်ခြင်း ဖြစ်သည်ဟု သိရကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။
စစ်ခေါင်းဆောင်များရုံးစိုက်ရာ နေပြည်တော်၏ လုံခြုံရေးကို စစ်ကောင်စီက နံနက်၊ ည အထူးတင်းကျပ်ထားချိန်တွင် ထိုသို့ မှားယွင်းပစ်ခတ်ခံရမည်ကို စိုးရိမ်မိကြောင်း၊ ပစ်ခတ်သတ်ဖြတ်ပြီးမှ နိုင်ငံအနှံ့ စစ်ကောင်စီကို ခုခံစစ်ဆင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်ဟု သတင်းထုတ်ပြန်ခံရမှုမျိုး ဒေသတချို့တွင် ဖြစ်ပေါ်နေကြောင်း ၎င်းက ဆက်ပြောသည်။
“တပ်နဲ့ ရဲစခန်းတွေရဲ့ လုံခြုံရေးတွေက အခိုင်အမာ လုပ်ထားတာ၊ ပြီးတော့ သူတို့ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ထောက်တိုင်နေရာတွေမှာလည်း လုံခြုံရေးယူထားတာ၊ သူတို့ လုံခြုံရေးနဲ့ အသက်ကို ထိပါးမယ်ဆိုရင် ပြည်သူတွေ၊ ဝန်ထမ်းတွေ၊ PDF တွေ ခွဲနေမှာ မဟုတ်ဘူး။ အကုန်ပစ်မှာပဲ” ဟု ထိုသူက ဆိုသည်။
လုံခြုံရေးအလွန်တင်းကျပ်ထားသည့် နေပြည်တော်လေဆိပ်တွင် ဩဂုတ်လဆန်းပိုင်းက အရက်သောက်နေသည့် စစ်သားအချင်းချင်း စကားများရာမှ သေနတ်ဖြင့် ပစ်ခတ်မှုအပြီး သုံးဦးသေဆုံးသည့် ဖြစ်စဉ် ပေါ်ပေါက်ဖူးသော်လည်း စစ်ကောင်စီက ဖုံးဖိထားသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကြာချိန်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ အရှိန်မြင့်နေရာ နေပြည်တော်၌ပင် ပြောက်ကျားတိုက်ခိုက်မှုများ ဖြစ်လေ့ရှိသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)