အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLA နှင့် တွေ့ရန် အစီအစဉ်မရှိသေးကြောင်း RCSS ပြော

တိုက်ပွဲ ရံဖန်ရံခါ ဖြစ်ပွားနေသော တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် အချိန်ယူရဦးမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လောလောဆယ်ကတော့ ပြဿနာတွေကလည်း တစ်ခုပြီးတစ်ခု ရှိနေတော့ တွေ့ဆုံဖို့ အစီအစဉ်က မရှိသေးဘူး” ဟု RCSS ၏ ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြောသည်။

တွေ့ဆုံညှိနှိုင်းခြင်းက အကောင်းဆုံးအဖြေတစ်ခု ဖြစ်မည်ဟု ယူဆသော်လည်း မျက်နှာချင်းဆိုင် စကားပြောရေးမှာ ချက်ချင်း ဖြစ်လာမည်မဟုတ်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်လအတွင်း ရှမ်းပြည်အခြေစိုက် နှစ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီး သြဂုတ်လဆန်းပိုင်းက နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ ၇ဝဝ ဝန်းကျင် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲများဖြစ်ပွားရခြင်းအကြောင်းရင်းမှာ RCSS က နယ်မြေကျူးကျော်လာခြင်းကြောင့်ဟု TNLA က စွပ်စွဲထားပြီး RCSS ကမူ စွပ်စွဲချက်ကို ပယ်ချထားသည်။

နှစ်ဖွဲ့အကြား ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီလက တရုတ်-မြန်မာနယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့သည်။

ထိုတွေ့ဆုံမှုတွင် ရခဲ့သည့် သဘောတူညီချက်မှာ နောက်တစ်ကြိမ် တွေ့ဆုံမည်ဟူသော အချက် ဖြစ်သည်ဟု TNLA ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

တိုက်ပွဲ လျှော့ချရေးအတွက် ပထမအကြိမ် တွေ့ဆုံစဉ်က ပြောဆိုခဲ့သော လိုအပ်သည့်ပြင်ဆင်မှုများကို RCSS ဘက်က လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ ထပ်မံတွေ့ဆုံရန်အတွက် ဖေဖော်ဝါရီလတွင် စာပို့ အကြောင်းကြားထားသော်လည်း အကြောင်းပြန်ချက် မရခဲ့ကြောင်း ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

“သူတို့ဘက်က လက်ခံတာနဲ့ ကျွန်တော်တို့ဘက်က တွေ့ဆုံဖို့ အဆင်သင့်ရှိပါတယ် ” ဟု ၎င်းက ပြောသည်။

တွေ့ဆုံဆွေးနွေးမှုများအတွက် ကြားခံဆက်သွယ်ပေးသူ ရှိသည်ဟု ဆိုသော်လည်း ထိုသို့ ဆက်သွယ်ပေးသူ သို့မဟုတ် အဖွဲ့အစည်းအမည်ကို ထုတ်ဖော်ပြောဆိုရန်အတွက် နှစ်ဖက်စလုံးက ငြင်းဆိုသည်။

နှစ်ဖွဲ့အကြားက တိုက်ပွဲများမှာ RCSS/SSA မှ ၂ဝ၁၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် ရေးထိုးပြီး နောက်ပိုင်း ဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင် RCSS/SSA နှင့် အမည်ဆင်တူသည့် လက်နက်ကိုင်အဖွဲ့တစ်ခု ရှိသည်။

ထိုအဖွဲ့အမည်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးခြင်း မပြုသေးပေ။

ထိုအဖွဲ့သည် TNLA နှင့် မဟာမိတ်ဖြစ်သောကြောင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း သိရသည်။

မှတ်ချက် –
၁။ သတင်းအကျဉ်းချုပ်တွင် ရေးသားထားသော “သူပုန်နှစ်ဖွဲ့” ကို “လက်နက်ကိုင်နှစ်ဖွဲ့” ဟု ပြင်ဆင် ထားပါသည်။

၂။ နိဂုံးပိုင်းတွင် “အပြိုင်” ဆိုသည့် စကားလုံးကို “အမည်ဆင်တူသည့်” ဟု ပြင်ဆင်ထားပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button