ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က ရေလမ်းနှင့်ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ပင်ထားလိုက်ပြီး တစ်ချိန်တည်းမှာပင် ဇက်သင်္ဘောများဖြင့် စစ်အင်အား ဖြည့်တင်းလျက် ရှိသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၃ က ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများသလို လက်နက်အများအပြားလည်း ဆုံးရှုံးသွားသည်။
ထို့ကြောင့် ယင်းနေ့မှ စတင်ကာ စစ်တွေ (ရေချမ်းပြင်)-အငူမော်ရေယာဉ်လိုင်းနှင့် အငူမော်-မောင်တော ကားလမ်းကို စစ်ကောင်စီက ပိတ်ထားလိုက်ခြင်းဖြစ်သည်။
အကျိုးဆက်အားဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ပို့မည့် ရေထွက်ကုန်များတင်ဆောင်လာသည့် အအေးခန်းကားများ ရခိုင်မြောက်ပိုင်းသွားရာ အဓိကနေရာဖြစ်သည့် အငူမော်ဆိပ်ကမ်းတွင် ပိတ်မိနေဆဲဖြစ်ကြောင်း၊ မောင်တောဒေသသို့ ကုန်စည် အဝင်မရှိသည်မှာ ၄ ရက် ရှိလာသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်လျက် ရှိကြောင်း မောင်တောမြို့ခံများထံမှ သိရသည်။
မောင်တောဒေသခံများ စစ်တွေမြို့သို့ ကားလမ်းမှ သွားလာခွင့်မရတော့သဖြင့် ရေလမ်းကိုသာ သုံးနေကြရသည်။
“ကားလမ်းတွေအားလုံးပိတ်ထားလို့ စစ်တွေကို ဆေးခန်းပြဖို့အတွက် ဘူးသီးတောင်ကိုဆင်းပြီးမှ ဘူးသီးတောင်က တစ်ဆင့် အမြန်ရေယာဉ်စီးပြီး စစ်တွေ လာရတယ်” ဟု မောင်တောမြို့မှ စစ်တွေမြို့သို့ ဆေးခန်းလာပြသူ တစ်ဦးက သြဂုတ်လ ၁၆ ရက် နေ့လယ်တွင် ပြောသည်။
အလားတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်အတွင်း ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်း ကို ဩဂုတ် ၁ ရက်ကတည်းက စစ်ကောင်စီက ပိတ်ထားသည့်အတွက် ဆန်နှင့် စားသောက်ကုန်များ လိုအပ်သလောက် ဝယ်မရတော့ဘဲ စက်သုံးဆီလည်း ပြတ်တောက်နေသည်ဟု ပလက်၀ မြို့ခံများ ထံမှ သိရသည်။
ထို့ပြင် ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမည့် အခြေအနေရှိနေကြောင်း မြို့ခံများအဆိုအရ သိရသည်။
စစ်တပ်သည် ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ မော်တော်ကားများ သုံးပြီး လက်နက်၊ ခဲယမ်း၊ လူအင်အား ရွှေ့ပြောင်းနေသောကြောင့် တိုက်ပွဲများ ပိုမိုဖြစ်လာနိုင်ကြောင်း ယမန်နေ့ (သြဂုတ် ၁၅) ရက်တွင် AA က သတိပေးထားသည်။
ဩဂုတ် ၁၃ တိုက်ပွဲများအတွင်း သေဆုံးသူများထဲတွင် ခလရ ၂၇၀ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မိုးဇော်၊ ခမရ ၅၃၇ ဗိုလ်မှူး သက်နိုင်ဦး၊ ခလရ ၂၀ မှ ဗိုလ်မှူးတို့ ပါဝင်ကြောင်း ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် Western News တွင် ရေးသားထားသည်။
ဩဂုတ် ၁၃ တိုက်ပွဲများ
ဩဂုတ် ၁၃ ရက်က နေရာ ၄ ခုတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားသည်ဟု AA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာမြောက်ဖက်တွင် နံနက် ၇ နာရီခွဲမှ စတင်ပြီး၂ နာရီနီးပါး တိုက်ပွဲ ဖြစ်ရာ စစ်တပ်ဘက်မှ ၃၁ ဦး သေဆုံးကြောင်း၊ AA ဘက်ကလည်း သေဆုံးသူ အနည်းငယ်နှင့် ဒဏ်ရာ ရရှိသူအချို့ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၆၀ မမ ပြောင်းရှည် ၁ လက်၊ MA-3 ၁၅ လက်၊ MA-1 ၆ လက်၊ MA-4 ၂ လက်၊ ပစ္စတို တစ်လက်၊ ဆက်သွယ်ရေးစက် ၁ လုံး၊ GPS ၂ လုံး၊ တယ်လီဖုန်းလှိုင်းဖြတ်တောက်စက် (Jammer) ၁ ခု၊ ကျည်ဆန်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ဆိုသည်။
မွန်းတည့် ၁၂ နာရီခန့်တွင် မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာ၏ မြောက်ဖက် ခြေလျင်တပ်ရင်း (ခလရ) ၂၇၀ နှင့် တစ်နာရီခွဲကျော်ကြာ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံးသည်ဟု ဆိုသည်။
လက်နက်ငယ် ၄ လက် နှင့် ခဲယမ်းများ၊ ဆေးဝါးရိက္ခာများ သိမ်းဆည်းရမိခဲ့သည်၊ AA ဘက်မှ ၂ ဦး ဒဏ်ရာ ရသည်ဟု AA ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ဘင်္ဂလားနယ်စပ် မိုင်တိုင်အမှတ် (၄၀) အနောက်တောင်ဖက်တွင် နံနက် ၁၁ နာရီခွဲတွင် ခမရ (၃၅၂) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီမှ ည ၈ နာရီအထိ ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်မှု များ ရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါတိုက်ပွဲအတွင်း ပစ္စတို ၂ လက်၊ MG 43 စက်သေနတ် ၁ လက်၊ ဒရုန်း ၂ စီး၊ Jammer ၁ ခု၊ ဆက်သွယ်ရေး ဂြိုလ်တုဖုန်း ၁ လုံး၊ မိုင်းမျိုးစုံ အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း ၊ ဆေးဝါး၊ ရိက္ခာအမြောက်အမြားပါဝင်သော ခြင်းကြားအလုံး ၃၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထာသည်။
အလားတူ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ သဌေးကုန်းကျေးရွာမြောက်ဘက်တွင် တိုက်ပွဲဖြစ်ခဲ့သည်။
နောက်ရက်များတွင် ပလက်ဝဒေသအတွင်း၌ စစ်တပ်က လက်နက်ကြီးများဖြင့် AA တပ်စခန်းရှိရာ နေရာများသို့ ပစ်ခတ်တိုက်ခိုက်ကြောင်း၊ Drone (ဒရုန်း) များ သုံးပြီး ဗုံးချတိုက်ခိုက်ကြောင်း AA ဘက်က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)