သတင်း

ရိခေါရ်ဒါမြို့ စစ်တပ်စခန်း တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ရှိ တပ်စခန်းတစ်ခုကို ယနေ့ (ဩဂုတ် ၁၀) နံနက်ပိုင်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။ 

အမှတ် ၂ ရပ်ကွက်၊ တီအိုချောင်းအနီးရှိ စစ်ကောင်စီစခန်း တိုက်ပွဲမှာ နံနက် ၂ နာရီဝန်းကျင်မှ စတင်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“စစ်သားတွေရှိတဲ့စခန်းပါ။ မြို့ရဲ့တောင်ထိပ်ပေါ်မှာ စခန်းချထားတာ။ အကြမ်းဖက်စစ်ကောင်စီကိုတော့ ဘယ်အချိန်မဆို တိုက်မှာပဲ” ဟု ၎င်းက ပြောသည်။ 

ချင်းဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့်  CDF CDM – Civic Defense Militia (Siyin), CNDF, PDF (Zoland) နှင့် MEDF (Mountain Eagle Defence Force) လေးဖွဲ့ပူးပေါင်းကာ ရုတ်တရက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အနီးရှိ အမှတ် (၁) တပ်စခန်းက လက်နက်ကြီးဖြင့် ပစ်ကူသည့်အတွက် မိုးလင်းခါနီးအချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“တိုက်ပွဲက စတိုက်တော့ သူတို့ အငိုက်မိတဲ့သဘောပေါ့။ နောက်တော့ သူတို့ဘက်က သေနတ်သံတွေ ကြားတာနဲ့ လက်နက်ကြီးတွေထုတော့ ကျွန်တော်တို့လည်း ‌ရှေ့ကို သိပ်မတိုးနိုင်‌တော့ဘူး” ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် CDF CDM (Siyin) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုအီးဂဲလ်က ပြောသည်။ 

အသည်းပုံရေကန်ရှိသည့် ရိခေါ်ဒါရ်မြို့ စစ်တပ်စခန်းကို တိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီးနှင့် စစ်သည်တချို့ သေဆုံးကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံမှ သိရသည်။ 

“ဒုဗိုလ်မှူးကြီးဝေမျိုးပိုင် ကျသွားတယ် ပြောတယ်။ ကျန်တဲ့သေသွားတဲ့သူတွေက ဘယ်အဆင့်တွေဆိုတာ မသိရသေးဘူး။ အနည်းဆုံး ၅ ယောက်တော့ ကျတယ်။ အဲဒါကတော့ သူတို့အထဲက လုံခြုံတဲ့ဆီကနေ သတင်းရပါတယ်” ဟု CNDF ကာကွယ်ရေးဌာန အတွင်းရေးမှူးက ပြောသည်။ 

ချင်းဒေသကာကွယ်ရေးအဖွဲ့များကြား ချိတ်ဆက်ပူးပေါင်းမှုအားကောင်းပြီး မြေပြင်သာမက ဝေဟင်မှ ဒရုန်းဖြင့်ပါ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CNDF အတွင်းရေးမှူးက ပြောသည်။

တိုက်ပွဲအခြေအနေနှင့် Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို ပတ်သက်ပြီး စစ်ကောင်စီကလည်း တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားတတ်သည်။

ယနေ့ တိုက်ခိုက်မှုတွင် စစ်သား ၄ ဦး တော်လှန်ရေးအဖွဲ့များထံ ဘက်ပြောင်းခိုလှုံလာကြောင်း CDF CDM (Siyin) အဖွဲ့က ထုတ်ပြန်သည်။

“သူတို့ထဲက ၄ ယောက် လက်နက်မပါဘဲနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းတယ်။ သူတို့ ထွက်လာပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးသမားတွေထဲကို ဝင်လာတယ်” ဟု ကိုအီးဂဲလ်က ပြောသည်။ 

တော်လှန်ရေးအဖွဲ့များထံ ဘက်ပြောင်းခိုလှုံလာသူ ၄ ဦး၏ အမည်၊ ရာထူး အသေးစိတ်အချက်အလက်များနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ 

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တပ်ဖွဲ့ဝင်များကို ယခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-CNO)

တိုက်ပွဲပြင်းထန်နေစဉ် အမှတ်(၁) တပ်စခန်းဘက်က လက်နက်ကြီးဖြင့် ပစ်ကူသည့်အတွက် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားကြောင်း၊ CDF CDM (Siyin) တပ်ဖွဲ့ဝင်တစ်ဦးလည်း မျက်လုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေး ၇ ဦး ဖခင်ဖြစ်သူ Liang Thang Mang ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများ ဆေးကုသမှု ခံယူနိုင်ရန် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ပို့ဆောင်ထေားကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲပြင်းထန်ပြီးနောက် နံနက် ၉ နာရီဝန်းကျင်မှစတင်၍ စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်များ ရိခေါ်ဒါရ် မြို့ပေါ် ၄ ကြိမ်ထက်မနည်း ပျံဝဲနေပြီး မြို့တွင်းလူသူအသွားအလာ ကင်းမဲ့နေသည်။ 

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးချိတ်ဆက်ရာ ဖလမ်းမြို့နယ် ရိဒ်ကုန်သွယ်ရေးစခန်းနှင့် နှစ်မိုင်ခန့်အကွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးကာ အခွန်ကောက်ခံနေသည့်အတွက် စစ်ကောင်စီပုံရိပ် ကျဆင်းကြောင်း စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က နေပြည်တော်အစည်းဝေးတွင် တင်ပြပြီးနောက် ရိခေါရ်ဒါကို စစ်တပ်က အင်အားဖြည့်တင်းခဲ့သည်။

ထိုသို့စစ်အင်အားဖြည့်တင်းပြီးနောက် ရိခေါဒါရ်မြို့ အမှတ် ၁ စခန်းနှင့် အမှတ် ၂ စခန်းကို မတ်လဆန်းပိုင်းတွင် ချင်းဒေသကာကွယ်ရေးအဖွဲ့များက  မကြာခဏသွားရောက်တိုက်ခိုက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button