သတင်း

ပခုက္ကူ၊ ဆားကျင်းရွာကို စစ်တပ် မီးရှို့၊ အိမ် ၂၀ခန့် ဆုံးရှုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆားကျင်းကျေးရွာသို့ အင်အား ၁၀၀ ခန့်ဖြင့် ရောက်လာသည့် စစ်ကောင်စီက နေအိမ်များကို မီးရှို့ရာ အလုံး ၂၀ ခန့် ဆုံးရှုံးသွားသည်။

ဩဂုတ် ၈ နံနက် ၈ နာရီဝန်းကျင်တွင် ရွာသို့ စစ်သား အင်အား ၃၀ ဝန်းကျင် စတင်ရောက်ရှိလာကြောင်း၊ မြစ်ခြေဘက်မှ ကား ၃ စီး၊ ဆိုင်ကယ် ၁ စီးဖြင့် ၇၀ ခန့် ထပ်ရောက်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။

“၈ နာရီလောက်မှာ စရှို့တယ်၊ ၂ အိမ်လောင်တယ်၊ မိုးရွာနေတော့ မီးငြိမ်းသွားတယ်။ စောင့်ပြီး ၁၀ နာရီလောက်မှာ ထပ်ရှို့တယ်” ဟု အဝေးမှ စောင့်ကြည့်နေခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နေအိမ် ၁၆၈ လုံးရှိ ဆားကျင်းကျေးရွာမှ ဒေသခံများ ကြိုတင်တိမ်းရှောင်နိုင်ခဲ့၍ ဖမ်းဆီးခံရသူ၊ သေဆုံးသူ မရှိကြောင်း၊ ယနေ့ (ဩဂုတ်၉) နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ် ကျေးရွာမှ ပြန်ထွက်သွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။  

“ခုလောလောဆယ်တော့ တောထဲပဲ ရှောင်နေရတယ်။ ရွာထဲ ပြန်မဝင်ရဲသေးဘူး။ အခု စားရေးသောက်ရေး အခက်အခဲရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

ဧပြီ၊ ဇွန်နှင့် ဇူလိုင်လများအတွင်းတွင် ပခုက္ကူမြို့နယ်နှင့် ဆိတ်ဖြူမြို့နယ်အစပ်၊ ယောချောင်းတစ်လျှောက်ရှိ ရှားဒူ၊ စိုင်ဖြူ၊ ဒဲပြား၊ မြစ်ဖျား၊ တောင်ပလူနှင့် အရှေ့ကမ်းဖြူ ကျေးရွာ ၆ ရွာကို စစ်တပ်က မီးရှို့ခဲ့ဖူးသည်။ ထိုဖြစ်စဉ်များအတွင်း အိမ်ခြေ ၄၀၀ ကျော် မီးလောင်ကာ ဒေသခံ ၇၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု PDF စာရင်းက ဆိုသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကြောင့် နိုင်ငံအနှံ့ အိုးအိမ်မီးလောင်ဆုံးရှုံးမှုပေါင်း ၂၀,၀၀၀ နီးပါးရှိပြီး အများစုမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှဖြစ်သည်ဟု အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data For Myanmar က မှတ်တမ်းတင်ထားသည်။

စစ်ကောင်စီကမူ ၎င်းတို့ လက်ချက်မဟုတ်ဟု ငြင်းဆိုလေ့သည်။ သို့သော် ၂၀၁၆-၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် အလားတူကျူးလွန်မှုများကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စစ်ကောင်စီက အမှုရင်ဆိုင်နေရသည်။

မီးရှို့တပ်ဟု တချို့က အမည်ပေးထားခြင်းကိုမူ စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button