သတင်း

တန့်ဆည်တွင် ပျူစောထီးနှင့်စစ်တပ် ရှိနေသည့် ရွာကို PDF ဝင်စီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဗျက်ကြီးကျေးရွာတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးများကို ယမန်နေ့ (ဩဂုတ် ၃) ညတွင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မြို့အရှေ့မြောက်ဘက် သုံးမိုင်အကွာရှိ ထိုရွာအတွင်း စုစုပေါင်း အင်အား ၅၀ ကျော် တပ်စွဲထားရာ ယမန်နေ့ ည သန်းခေါင်အချိန်ခန့်တွင် ရုတ်တရက် စီးနင်းစဉ် တိုက်ပွဲ တစ်နာရီခန့် ဖြစ်ခဲ့သည်ဟု တန့်ဆည် PDF ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဩဂုတ် ၁ ရက်နေ့က စတင် စခန်းချနေသူတို့က ပျူစောထီးသင်တန်း တက်ရောက်ရန် ဒေသခံတို့ကို ဖိအားပေး စေခိုင်းနေသဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ရွာကိုလာပြီးတော့ ပြည်သူတွေရဲ့ဖုန်းတွေကို သိမ်းထားတယ်၊ ဆက်သွယ်ရေး ဖြတ်တောက်ထားတာပေါ့။ အထဲမှာ ဝါဒဖြန့်ပြီးတော့ သူတို့ထဲဝင်ဖို့ စည်းရုံးနေတာ။ သုံးရက်မြောက်နေ့ ညပိုင်းမှာ ဝင်တိုက်လိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။

Myanmar Defense Force (MDF) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုတိုက်ဂါးက ပျူစောထီးနှင့် စစ်သားများ ကင်းပုန်းဝပ်နေသည့်နေရာကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရွာအတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။

“သူတို့ ညတွင်းချင်းပဲ ပြန်ဆုတ်သွားတာ။ အခြားပျူစောထီးတွေ အင်အားကြီးတဲ့ရွာကို၊ ညတွင်းချင်းပဲ ဒဏ်ရာရတဲ့ သူတွေကို ကဲ့ထုတ်သွားတာ” ဟု သူက ပြောသည်။

တိုက်ပွဲအတွင်း ရန်သူဘက်မှ ၁၀ ဦးခန့် သေဆုံးကြောင်း၊ အထိနာသဖြင့် ဆုတ်ခွာ ထွက်ပြေးသွားကြကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။ 

ထို့နောက် ကျေးရွာတွင်းနယ်မြေရှင်းလင်းရေး ပြုလုပ်ရာ ၅.၅၆ ကျည် ၁၀၀ ကျော်နှင့် အီနာဂါဗုံးသီးတစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံများ ထိခိုက်မှုမရှိကြောင်း အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

နယ်ပယ်စုံစစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းကို တန်ပြန် ဖြိုခွင်းရန် ထိုဒေသရှိ ကြံ့ခိုင်ရေးပါတီဝင်များ၊ အစွန်းရောက်မဘသများ၊ စစ်မှုထမ်းဟောင်းများကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ထားသည်။

မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသော စစ်ကိုင်းတိုင်းတွင် ပြည်သူလူထုက ပျူစောထီးဟု ခေါ်ဝေါ်သည့် ပြည်သူ့စစ်အဖွဲ့ပေါင်း ၈၀ နီးပါးအထိ ဖွဲ့စည်းထားကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလက ပေါက်ကြားလာသည့် စစ်ကောင်စီအစည်းအဝေးမှတ်တမ်းတစ်ခုအရ သိရသည်။

အလားတူ ယခုရက်ပိုင်း မန္တလေးမြို့တွင်လည်း စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူ အများစုရှိသည့် မဟာအောင်မြေနှင့် အောင်မြေသာစံမြို့နယ်များတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့ကာ လက်နက်တပ်ဆင်ပေးနေသည်။ ဒေသခံတို့က ထိုအဖွဲ့ကိုလည်း ပျူစောထီးဟု ခေါ်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button