သတင်း

ရေးမြို့နယ်လဝကရုံးကို PDF များဝင်ပစ်၊ ဦးစီးမှူးအပါအဝင် ၅ ဦးသေဆုံးဟုဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) ကို ယနေ့ (ဩဂုတ် ၃) နေ့လယ်က ဝင်ရောက် ပစ်ခတ်ရာ ဦးစီးမှူးအပါအဝင် ၅ ဦးသေဆုံးသွားသည်ဟု ဒေသအခြေစိုက် ပြောက်ကျားအဖွဲ့တစ်ခုထံမှ​ သိရသည်။

ရေးမြို့လယ်ရှိ မြို့နယ်ရဲစခန်းနှင့် တစ်လမ်းတည်းဖြစ်သော လဝကရုံးကို မွန်းတည့် ၁၂ နာရီသာသာ အချိန်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအမည်ရ ထိုပြောက်ကျားအဖွဲ့ခေါင်းဆောင်က ပြောသည်။​

“အားလုံးပေါင်း ၅ ဦး သေဆုံးတယ်လို့ သတင်းရပါတယ်။ ဦးစီးမှူးပါတယ်။ လက်ထောက်ဦးစီးပါတယ်။ ဦးစီးမှူးက မော်လမြိုင်က ပြောင်းလာတာ မကြာသေးဘူး စစ်ကောင်စီ ခန့်ထားတာ။ ပွဲချင်းပြီးသေတယ်။ ဒုဦးစီးကတော့ လမ်းမှာ သေပါတယ်” ဟု ၎င်းက ပြောသည်။

ရေးမြို့နယ်ရှိ အစိုးရဝန်ထမ်းများအားလုံး ဩဂုတ် ၂ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ရန် ဇူလိုင်လကတည်းက သတိပေးစာထုတ်ပြန်ခဲ့သော်လည်း လိုက်နာမှုမရှိသည့်အတွက် ယခုလို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဆက်ပြောသည်။

“အရပ်ဘက်ဝန်ထမ်းတွေရော လက်နက်ကိုင်ဝန်ထမ်းတွေရောကို သတိပေးစာ ထုတ်ထားခဲ့တယ်။ စစ်ကောင်စီရဲ့ယန္တရားကို လည်ပတ်အောင် လုပ်ပေးနေတာကြောင့် ဝင်ပစ်တာဖြစ်ပါတယ်”

၎င်းတို့အဖွဲ့အနေဖြင့် မှတ်ပုံတင်လာလုပ်သည့် ပြည်သူများမှလွဲ၍ ရုံးအတွင်းရှိ ဝန်ထမ်းအားလုံးကို ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ရေးဘီလူးအဖွဲ့နှင့် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO တို့ မဟာမိတ်အဖြစ် ဇွန်လအတွင်းက ပူးပေါင်းခဲ့စဉ်။ (ဓာတ်ပုံ-MSRO) 

ဝင်ရောက်ပစ်သည့်အချိန်တွင် လက်နက်ကိုင်လုံခြုံရေးတစ်ဦးမှရှိမနေဘဲ ပစ်ခတ်မှုဖြစ်ပြီး ၅ မိနစ်အကြာတွင်မှ အနီးရှိ ရေးမြို့နယ်ရဲစခန်းမှ သေနတ်ဖောက်သံကြားရသည်ဟု သိရသည်။ 

လက်ရှိတွင် ရေးမြို့တွင် စစ်ကောင်စီတပ်များ နေရာယူကာ အစစ်အဆေးကြမ်းနေကြောင်းလည်း သိရသည်။

“မြို့ပတ်ပတ်လည်ကို ပိတ်လိုက်ပါပြီ။ တချို့ မဆိုင်တဲ့လူတွေကို ထောက်ပို့ခေါင်းစဉ်တပ်ပြီး ရိုက်နှက်နေတယ်လည်း ကြားပါတယ်” ဟု ပြောက်ကျားအဖွဲ့ခေါင်းဆောင်းက ပြောသည်။ 

ယခုပစ်ခတ်မှုနှင့် ပတ်သတ်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်မှ သေဆုံးသူများနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။ 

ရေးဘီလူးအဖွဲ့သည် ပြီးခဲ့သည့် ဇွန် ၂၇ ကလည်း ရေးမြို့နှင့် နှစ်မိုင်ခန့်အကွာ အစင်ကျေးရွာတံတားထိပ်ရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးခဲ့ပြီး သေနတ် ၃ လက် သိမ်းဆည်းနိုင်ခဲ့သည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်က ရေးမြို့နယ်၊ ကဗျာဝကျေးရွာနေ ပျူစောထီးဟု အမည်ထွက်သူ မင်းကို ဆိုသူကို ပစ်သတ်ခဲ့ပြီး ရေးမြို့ရဲစခန်းကိုလည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။ 

ရေးဒေသတွင် မွန်ဒေသတော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသော Mon State Revolutionary Union (MSRU/ MSRO) အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့များ အခြေစိုက်သလို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) နယ်မြေများနှင့် ဆက်စပ်နေသည်။ 

ရေးဘီလူးအဖွဲ့နှင့် မဟာမိတ်အဖွဲ့ဖြစ်သော MSRO အဖွဲ့ကလည်း ဇူလိုင် ၂၇ နှင့် ၃၀ တို့တွင် ရေးမြို့နယ်ရှိ  စစ်ကောင်စီတပ်စခန်း ၃ ခုကို သေဒဏ်ပေးကွပ်မျက်ခံရမှုအတွက် လက်တုံ့ပြန်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button