သတင်း

စစ်ကောင်စီကို အကြီးအကျယ် စိတ်ပျက်နေဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော 

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မှုကြောင့် အာဆီယံနိုင်ငံများက အကြီး အကျယ် စိတ်ပျက်နေကြနေပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်သုံးသပ်ရတော့မည်ဟု ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ယနေ့ (ဩဂုတ် ၃) ပြောဆိုလိုက်သည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ထိုသို့ပြောဆိုကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။​

“ကျွန်တော်အပါအဝင် အခြားသူတွေကလည်း သေဒဏ်ပေးတာကို ကန့်ကွက်ခဲ့ကြပေမယ့် ဒီလိုကွပ်မျက်မှု ကြောင့် အကြီးအကျယ် စိတ်ပျက်ရပါတယ်” ဟု နေပြည်တော်သို့ သွားရောက်ကာ မင်းအောင်လှိုင်ကို လက်ဆွဲ နှုတ်ဆက်ခဲ့သူ ဟွန်ဆန်က ပြောသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံ၏ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးမူကို အစဉ်တစိုက် ကိုင်စွဲလာခဲ့သော်လည်း မြန်မာနိုင်ငံ၏ ဆိုးရွားလာနေသော အခြေအနေများကြောင့် အာဆီယံခေါင်းဆောင်တို့ ရေငုံနှုတ်ပိတ်မနေကြတော့ဘဲ ဝင်ရောက်ထိန်းသိမ်းလာခြင်းဖြစ်သည်။

“အကျဉ်းသားတွေ ထပ်ပြီးကွပ်မျက်မယ်ဆိုရင်တော့ ကျွန်တော်တို့ ပြန်စဉ်းစားရပါတော့မယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်” ဟု ဟွန်ဆန်က ဆိုသည်။

နိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြောင့် စီးပွားရေးကျပ်တည်းမှုဆီဦးတည်နေသည့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှုကိုလည်း စိမ်ခေါ်နေသည်ဟု ဟွန်ဆန်က ပြောသည်။

၂၀၂၁ ခုနှစ်ဧပြီလအတွင်းက မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ချမှတ်ရာတွင် အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများ အားလုံးနှင့် တွေ့ဆုံဆွေးနွေးရန်၊ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရန် စသည့် အချက်များပါဝင်သည်။

သို့သော် အာဏာသိမ်းစစ်ကောင်စီက ထိုဘုံသဘောတူညီချက်များကို လိုက်နာခြင်းမရှိဘဲ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုဂျင်မီ (ခ) ဦးကျော်မင်းယု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးကို ကွပ်မျက်လိုက်ခြင်းအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ စိတ်ပျက်ခဲ့သည်။​

ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ထိပ်သီးအစည်းအဝေးများတွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုရန် အာဆီယံက ဆက်လက်ဆုံးဖြတ်ထားသည်။​

နိုင်ငံရေးအကျဉ်းသားများကို ကွက်မျက်လိုက်ပြီးနောက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ဆိုးဆိုးရွားရွား ပြောင်းလဲသွားပြီဟုလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုတစ်ခုဟုဆိုကာ အာဆီယံ၏ ဘုံသဘောတူညီချက်များကို စစ်ကောင်စီက ပျက်ရယ်ပြုနေသည်ဟု ထုတ်ဖော်ဝေဖန်ထားသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ယနေ့ စတင်ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ် တိုးတက်မှုမရှိသည့်အပေါ် စစ်ကောင်စီကို ဖိအားပေးနိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း  Saifuddin Abdullah က ပြောဆိုထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ ဘုံသဘောတူညီချက်များ အကောင်အထည်မဖော်နိုင်ခဲ့ခြင်းမှာ ကိုဗစ်ရောဂါ မပြန့်ပွားအောင် လုံးပန်းနေရခြင်း၊ နိုင်ငံတွင်းမတည်ငြိမ်မှုများကို ဖြေရှင်းနေရခြင်းဟု ဩဂုတ်လ ၁ ရက်မိန့်ခွန်းတွင် ဖာထေးပြောဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button