သတင်း

ပြည်တန်ပတ္တမြား၊ ကော်ဇောနီ၊ ဆင်ဖြူတော်နှင့် ရူးသထက်ရူးလာသော သာဝ

လက်နက်အားကိုးဖြင့် အာဏာလုယုခဲ့သူဖြစ်သော်လည်း သာဝတစ်ယောက် လူထုထောက်ခံမှုကိုတော့ လိုချင်သည်။ မတန်မရာမည်သော်လည်း လိုချင်သည်ကတော့ မတန်တဆပင်။ တစ်တိုင်းတစ်ပြည်လုံးသာမက တစ်ကမ္ဘာလုံးကပါ လက်ခံသူဖြစ်လိုသည်။

ရဟန်းရှင်လူအများက မရပ်မနား ပုန်ကန်တော်လှန်နေသော်လည်း ပြိုင်ဘက်ကင်း နိုင်ငံ့အကြီးအကဲနှယ် ပြုမူလှုပ်ရှားသည်။ ရှည်လျားထွေပြားသော တိုင်းပြုပြည်ပြုမိန့်ခွန်းကြီးများ မနားတမ်းပြောသည်။ 

ဦးတည်ချက်များ၊ လုပ်ငန်းစဉ်များ တခမ်းတနားထုတ်ဖော်သည်။ 

မစားရဝခမန်း အပ်ကြောင်းထပ်ပြောဆိုနေသော်လည်း မည်သူမျှ နားမဝင်ပေ။ 

သာဝ အားမလျှော့ပေ။ လူသိရှင်ကြား ဘုရင်ရူးရူးလာသည်။ အချိန်အခါအရ ပေါ်ထွက်လာသည့် မင်းကောင်းမင်းမြတ်တစ်ပါးနှယ် ပုံဖော်ရေး လန်ကြုတ်ဇာတ်လမ်းများ ထုတ်ပြတော့သည်။ 

သာဝ၏ နောက်ဆုံးဇာတ်လမ်းတစ်ပုဒ်မှာ ဆင်ဖြူဖြစ်သည်။ ကုန်လေပြီးသော နောင်တော်ကြီးများလက်ထက်က ဇာတ်လမ်းဟောင်းပင်။ ကြန်အင်လက္ခဏာ ကိုက်ညီပြည့်စုံသော ဆင်ဖြူတော်ပေါ်ထွန်းသည်ဟု သတင်းလွှင့်သည်။ နိုင်ငံပိုင်ရုပ်သံများမှနေ၍ ဖွယ်ဖွယ်ရာရာတင်ဆက်သည်။ သတင်းစာများတွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြသည်။

လက်နက်အားကိုးဖြင့် သာဝအလျင် အာဏာသိမ်းယူများလက်ထက်တွင်လည်း ထိုထိုသော ဆင်ဖြူများ ပေါ်ထွန်းခဲ့သည်။ အကြံတူ နောက်လူသာစမြဲဆိုသည့်အတိုင်း သာဝကတော့ တစ်မူထူးသည်။ ဆယ်ရက်သား ဆင်ဖြူလေးမှာ ထူးခြားကြန်အင်လက္ခဏာအားလုံးနှင့် ပြည့်စုံသည့် ပထဆုံးဆင်ဖြူတော်ဖြစ်သည်ဟု ဆိုသည်။

ယခင့်ယခင် ပေါ်ခဲ့သော ဆင်ဖြူတော်များမှာ ကြန်အင်လက္ခဏာအားလုံးနှင့် ကိုက်ညီခြင်း မရှိဘဲ သူ့ဆင်သည်သာ အပြည့်စုံဆုံးဟု ဝင့်ကြွားသည်။ သက်ရှိထင်ရှား နောင်တော်ကြီးများကို သာဝက ကလိထိုးလိုက်ခြင်းပင်။

အာဏာသိမ်းကတည်းက အသံမကြားရသည့် ထိုနောင်တော်ကြီးများ အနှစ်နှစ်အလလ ပစ်ပယ်ထားသည့် ဆင်ဖြူရုံပြေးကြည့်ရတော့မည့်နှယ်ပင်။ 

၃-၈-၂၀၂၂ ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြခဲ့သော သာဝ ၏ ဆင်ဖြူတော်

မကြာမီက သာဝတစ်ယောက် နိုင်ငံရပ်ခြား တိုင်းပြည်တစ်ပြည်သွားရောက်ခဲ့သည်။ အာဏာသိမ်းပြီးကတည်းက လွတ်လွတ်လပ်လပ်သွားရသည့် တစ်ခုတည်းသော နိုင်ငံပင်ဖြစ်သည်။ သွားသာသွားသော်လည်း အထွေအထူးအကြောင်းပြစရာ မရှိပေ။ 

သာဝကလည်း အကြံမနည်းလှပေ။ ဘုရားထီးတင်သွားသည်ဟု အကြောင်းပြသည်။ အများပြည်သူ လည်ပတ်ကြည့်ရှုရာ ပန်းခြံအတွင်း တည်ထားသည့်ဘုရားဖြစ်သော်လည်း ဇမ္ဗူတလူ မင်းတစ်ပါးက တည်သည့်ဘုရားနှယ် သာဝတို့အဖွဲ့က အမွှမ်းတင်သည်။

ကိုယ့်ကိုယ်ကိုယ် မင်းဆရာမြှောက်ထားသည့် သာသနာပိုင်ဆရာတော်ကြီးတချို့ကိုလည်း ပင့်ခေါ်သွားသည်။ မိမိတိုင်းပြည်တွင် ဘုရားနှင့် ဘုန်းကြီးကျောင်းပါမကျန် မီးမြှိုက်ခံနေရသော်လည်း ထိုဆရာတော်ကြီးက ရုရှားနိုင်ငံတော်ကြီး အေးချမ်းသာယာရှိပါစေဟု ဆုတောင်းပေးသည်။

ဘုရားဖူးသူ မရှိလေသော ထိုနိုင်ငံတွင် ပုံတူဘုရားတစ်ဆူ တည်ကာ ယတြာချေလေသော သာဝတို့အဖွဲ့က ကမ္ဘာ့မြောက်ခြမ်းဒေသအထိ သာသနာပြုနိုင်သည်ဟု လန်ကြုတ်တော့သည်။

တိုင်းပြည်အာဏာကို အတင်းအဓမ္မ လုယူရုံမျှမက မိမိလူမျိုး မိမိနိုင်ငံသားများကို မညှာမတာ သတ်လေသော သာဝကို မည်သည့်တိုင်းနိုင်ငံကမျှ အသိအမှတ်မပြုကြပေ။ ချောင်းပေါက်မတတ် သွားခဲ့ပြီးဖြစ်သော ထိုနိုင်ငံသည်လည်း သာဝကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် အမှတ်မထားချေ။ 

အကြိမ်ကြိမ်လာသော်လည်း လက်နက်ခဲယမ်း ဖောက်သည်တစ်ဦးအဖြစ်ထက် မပိုသော အဖြစ်ကို သာဝ မခံချိမခံသာဖြစ်သည်။ ခရီးကအပြန်တွင် နိုင်ငံတော်အကြီးအကဲနှယ် မည်သို့မည်ပုံ ဧည့်ခံကြသည့်အကြောင်း မဖြစ်မနေ အရေးခိုင်းကာ နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်ရက်ဆက် ဖော်ပြစေသည်။ ကော်ဇောနီနှင့် ကားနက်ကြီးမှသည် လမ်းဘေးအမှိုက်ပုံအထိ အံ့ဩစရာ တစ်ကွက်မရှိသော်လည်း သာဝခရီးစဉ်အကြောင်း ဆောင်းပါးကြီးများ နေ့စဉ်ရက်ဆက် ပါလာသည်မှာမူ အံ့ဩစရာ ကောင်းလှသည်။​

သွက်သွက်ခါအောင် ရူးသွားပြီဟု မဆိုနိုင်သော်လည်း သာဝတစ်ယောက် ဘုရင်ရူးရူးနေသည်မှာ ဖုံးမရ ကွယ်မရတော့ပေ။ ကောင်းကျိုးတစ်စုံတစ်ရာ ဆောင်ကြဉ်းမပေးသော်လည်း ဘုန်းတန်ခိုးအရှိန်အဝါကြီးသည့် မင်းကောင်းတစ်ပါးနှယ် ပုံဖော်လိုသည်။ ဖန်တီးလိုသည်။ 

အာဏာရူးသူ သာဝက ထိုအတိုင်းပင် မြင်စေလိုလှသည်။​ ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးလာသော အခြေအနေများကြောင့် တိုင်းပြည်စီးပွားရေး ဆုတ်ယုတ်လာချိန်တွင် သာဝက အစဉ်အလာရူးသွပ်မှုတစ်ခု ထုတ်ပြသည်။ 

ပြည်တန်ပတ္တမြားကြီး ပေါ်ထွက်လာသည်ဟူ၍ပင်။ အဖိုးအနဂ္ဃထိုက်သည့် ထိုပတ္တမြားကြီးကို တစ်ဦးတစ်ယောက်က ဆက်သွယ်လှူဒါန်းလာသည်ဟု ဆိုသည်။ မည်သူမည်ဝါကား မသိရ။ ဘယ်ကရမှန်း မသိသော ကာဘော်လစ်ဆပ်ပြားတုံးရောင် ထိုပတ္တမြားတုံးကြီးကို တိုင်းပိုင်ပြည်ပိုင်အဖြစ် လှူဒါန်းသည်ဟု ဆိုသည်။ လက်ခံသူကား ၎င်းကိုယ်တိုင်ပင်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button