စီးပွားရေး

စင်ကာပူနှင့် တရုတ် လုပ်ငန်း ၈ ခုကို စစ်ကောင်စီနှင့် လက်တွဲဖြုတ်ရန် NUG သတိပေး

အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုမလုပ်ရန်နှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ ရပ်ဆိုင်းရန် တားမြစ်ထားသော်လည်း လိုက်နာခြင်းမရှိသည့် စင်ကာပူနှင့် တရုတ် ကုမ္ပဏီ ၈ ခုကို ခြွင်းချက်မရှိ လုပ်ငန်းရပ်ဆိုင်းထားရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးလိုက်သည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်း လူ့အခွင့်အရေးနှင့် ကဏ္ဍအသီးသီး ယိုယွင်းပျက်စီးလာချိန်တွင် နိုင်ငံတကာကုမ္ပဏီများ ထွက်ခွာနေကြသော်လည်း ထိုကုမ္ပဏီများက စစ်ကောင်စီနှင့် လက်တွဲလုပ်ကိုင်နေကြသည်။

နေစွမ်းအင်၊ ဆိပ်ကမ်းနှင့် သိုလှောင်ရုံလုပ်ငန်းများတွင် စင်ကာပူကုမ္ပဏီ ၇ ခု၊ စက်ရုံအငှားလုပ်ငန်းတွင် တရုတ်ကုမ္ပဏီတစ်ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိနေသည်ဟု သိရသည်။

ထိုကုမ္ပဏီများကို တားမြစ်ချက်ဖောက်ဖျက်သည့်လုပ်ငန်းများအဖြစ် အမည်စာရင်းနှင့်တကွ ထုတ်ပြန်ထားပြီး မလိုက်နာလျှင် လက်တွေ့ကျကျ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု NUG ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ တွင် သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရားမဝင်ရင်းနှီးမြှုပ်နှံမှုဟု ဇူလိုင် ၃၁ တွင် သတ်မှတ်ကြေညာသည့် လုပ်ငန်းများ။ ဓာတ်ပုံ-NUG

ကုမ္ပဏီ ၈ ခုတွင် ဆိုလာစွမ်းအင်ကုမ္ပဏီ ၆ ခု ပါဝင်ပြီး တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း NUG  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထက်နိုင်ဦးက ဆိုသော်လည်း အသေးစိတ် မသိရပေ။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးကတည်းက ရင်းနှီးမြှုပ်နှံမှုများကို ခြွင်းချက်မရှိ ရပ်ဆိုင်းရန် NUG က တားမြစ်ထားပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်း ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြုမည်မဟုတ်ဟု ဆိုထားသည်။

စစ်အုပ်စုက အဆင်ခြင်မဲ့ အာဏာသိမ်းယူထားချိန် ကျင့်ဝတ်ရှိသော ရင်းနှီးမြှုပ်နှံမှုမဖြစ်နိုင်သည့်အပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်းရှိ ပြည်နယ်များ၏ အခွင့်အရေးကိုပါ ထိပါးရာရောက်၍ ရင်းနှီးမြှုပ်နှံမှုအသစ်များကို လက်မခံနိုင်ကြောင်း NUG အစိုးရက ပြောဆိုထားသည်။

စစ်ကောင်စီနှင့် လက်တွဲသည့် စီပွားရေးလုပ်ငန်းများ၊ ကော်ပိုရေးရှင်းများနှင့် အကျိုးတူရင်းနှီးမြှုပ်နှံမှုများသည် မြန်မာပြည်သူများကို ဖိနှိပ်သတ်ဖြတ်ရန် ငွေကြေးထောက်ပံ့ပေးနေခြင်းဖြစ်၍ ရပ်တန့်ရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကလည်း တောင်းဆိုလျက်ရှိသည်။

စစ်တပ်နှင့် ပတ်သက်သည့် ဆက်နွှယ်မှု၊ ငွေကြေးစီးဆင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုများရပ်ဆိုင်းပေးရန်၊ စစ်ကောင်စီကို အမေရိကန်နှင့် အနောက်နိုင်ငံများကဲ့သို့ အရေးယူပိတ်ဆို့ပေးရန်လိုလားကြောင်း စင်ကာပူဝန်ကြီးချုပ်ထံ လိပ်မူ၍ အာဏာသိမ်းမှု ဆန့်ကျင်သည့်အဖွဲ့အစည်း ၁၅ ခုက ပြီးခဲ့သည့် ဧပြီတွင် စာပို့တောင်းဖူးသည်။

စင်ကာပူနှင့် တရုတ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံများဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဝင်ရောက်လျက်ရှိကာ ၂၀၂၁-၂၂ (အောင်တိုဘာမှ-မတ်) ကြားကာလဘဏ္ဍာနှစ်တွင် စင်ကာပူက ဒေါ်လာ သန်း ၃၀၀ နီးပါးနှင့် တရုတ်က သန်း ၁၄၀ ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများတွင် တွေ့ရသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် စီးပွားရေးအကျပ်အတည်းဆိုက်နေသည့် စစ်ကောင်စီက ပြည်တွင်းတွင် ဒေါ်လာလုပွဲ ဆင်နွှဲလျက်ရှိသဖြင့် ပြည်တွင်း၌ရှိပြီးဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းလုနီးပါး အခြေအနေရှိသည်။

ထိုအခြေအနေတွင် စစ်ကောင်စီနှင့် လက်တွဲ၍ ထပ်မံရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည့် အထက်ပါ ကုမ္ပဏီ ၈ ခုထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button