သတင်း

ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီက NGO/INGOs များကို သွားလာခွင့်ကန့်သတ်

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသော အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် NGO/INGOs များကို စစ်ကောင်စီက မောင်တောမြို့နယ်မြောက်ပိုင်းသို့ သွားလာခွင့် ကန့်သတ်လိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး ရုံးစိုက်ရာ ကျီးကန်းပြင်ဌာနချုပ်ကို ကျော်လွန်၍ သွားလာခြင်း မပြုရန် ပြည်နယ်စစ်ကောင်စီအစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။ 

“ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပါ။ အခုလောလောဆယ်တော့ မြို့နယ်အဆင့်ကို အကြောင်းကြားစာ မရောက်သေးဘူး။ ကျီးကန်းပြင်အထိပဲ သွားလို့ရမယ်။ အဲဒီကနေ ဆက်သွားလို့ မရဘူးလို့ သတင်းက ထွက်နေတယ်။ တရားဝင် အကြောင်းကြားတာ မရောက်သေးဘူး”

လုံခြုံရေးအကြောင်းပြချက်ဖြင့် သွားလာခွင့် ကန်သတ်လိုက်သည်ဟု ကြားသိရကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) တွင် လုပ်ကိုင်နေသည့် မောင်တောအခြေစိုက် ဒေသခံဝန်ထမ်းတစ်ဦးထံမှ သိရသည်။

“NGO အဖွဲ့အစည်းအားလုံးကို နယ်လုံဝန်ကြီးက အဲဒီဘက်ကို ဖြတ်ကျော်ခွင့် မပြုလို့ စာထုတ်တယ်လို့ သိရတယ်။ အဲဒီဘက်ကို လုံးဝမလာရဘူးလို့ ခြိမ်းခြောက်ထားတယ်လို့ သိရတယ်” ဟုလည်း မောင်တောမှ MSF ဝန်ထမ်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒေသခံများကို ကြက်ခြေနီ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက စားနပ်ရိက္ခာအပါအဝင် အဝတ်အထည်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ပေးနေခြင်းဖြစ်သည်။

ထိုသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးနေသည် အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) နှင့် အပြည်အပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့လည်း ပါဝင်ပြီး အဆိုပါ ကြက်ခြေနီအဖွဲ့အစည်းနှစ်ခုပူးပေါင်း၍ မောင်တောမြို့နယ်မြောက်ပိုင်းသို့ ပုံမှန်ရိက္ခာထောက်ပံ့မှုလုပ်ငန်းများရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွက် ရိက္ခာထောက်ပံ့ရေးအစီစဉ်ကို ယခုလအတွင်း သွားရောက်ထောက်ပံ့ရမည်ဖြစ်သော်လည်း စစ်ကောင်စီ၏ ပိတ်ပင်ချက်ကြောင့် ခရီးစဉ်ဖျက်သိမ်းလိုက်ရကြောင်း ကြက်ခြေနီအဖွဲ့အစည်းနှင့် နီးစပ်သည့် မောင်တောမြို့ခံတစ်ဦးက ပြောသည်။

“MRCS ကတော့ စနေ၊ တနင်္ဂနွေဆိုတော့ ခရီးစဉ်မရှိ။ နားတယ်လို့ သိရပါတယ်။ ဒီနေ့ အဲဒီမြောက်ပိုင်းကို ICRC ခရီးစဉ်ရှိတယ်။ သို့သော် ဖျက်လိုက်ရတယ်။ WFP ကိုလည်း ပြည်နယ်အစိုးရဖွဲ့က ဖုန်းဆက်ပြီး အကြောင်းကြားတယ်လို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။

နယ်စပ်တွင် တိုက်ခိုက်မှုများ ပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဟု ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) က ယခုလ ၁၁ ရက်တွင် Twitter လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားပြီးနောက် ယခုကဲ့သို့ ကန့်သတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း MRCS ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ARSA ရဲ့ တိုက်ခိုက်ဖို့ ကြေညာချက်ကြောင့် လုံခြုံရေးအရ ပိတ်ထားတာလို့ ယူဆရတယ်။ မြောက်ပိုင်းမှာ လုပ်နေကြတဲ့ NGO/INGOs အဖွဲ့အားလုံးကို ပြည်နယ်အစိုးရအဖွဲ့က အကြောင်းကြားတယ်လို့ သိရတယ်။ ဒီနေ့ မြောက်ပိုင်းကိုသွားဖို့ ပလန် (အစီအစဉ်) ရှိတဲ့ အဖွဲ့အစည်းတွေက ခရီးစဉ်ရပ်လိုက်ရတယ် ” 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများ သွာလာခွင့်ကန့်သတ်ခံရခြင်းအပေါ် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button