
အထူးဒေသရှိ လူငယ်များ ဆေးတက္ကသိုလ်ဝင်နိုင်ရေးအတွက် ၎င်းတို့၏ ၁ဝ တန်း စာမေးပွဲ ရမှတ် ကန့်သတ်ချက်ကို လျှော့ပေါ့စဉ်းစားပေးသည့် အစီအစဉ်တွင် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဒေသ လူငယ်များလည်း ပါဝင်ခွင့် ရသင့်သည်ဟု ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ယနေ့ (စက်တင်ဘာ၁၇) တွင် ပြောလိုက်သည်။
နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ကျောင်းသားများအား အထူးအခွင့်အရေးအဖြစ် စာမေးပွဲအမှတ် အကန့်အသတ်မရှိဘဲ ဆေးတက္ကသိုလ် လျှောက်ထားခွင့်ပေးမည့် အစီအစဉ်ကို အစိုးရက စက်တင်ဘာလဆန်းတွင် ထုတ်ပြန်ကြေညာပြီးဖြစ်သည်ဟု ဘူးသီးတောင်မြို့ ပြည်သူ့လွှတ်တော် အမတ် ဦးအောင်သောင်းရွှေက ထောက်ပြသည်။
“ကျွန်တော်တို့ ဘူးသီးတောင်က ပဋိပက္ခဧရိယာလေ။ ပဋိပက္ခဧရိယာ ဆိုတော့ စာသင်ရတာ ကောင်းကောင်း မသင်ရဘူး၊ နယ်စပ်ဒေသဖြစ်တော့။ အဲ့ဒီထဲကမှ ထူးထူးချွန်ချွန် အောင်လာတဲ့ ကလေး ၆ ယောက်ကို ဆေးကျောင်း တက်ခွင့်ရရေး တောင်းဆိုတာပါ” ဟု ၎င်းက ပြောသည်။
ဒေသတွင်း မတည်မငြိမ်မှုများကြောင့် စာသင်ကြားခွင့် အခက်အခဲရှိခဲ့သော်လည်း ရမှတ် ၄၃၇ နှင့် ၄၉၇ ကြား ရရှိသည့် ဘူးသီးတောင်မြို့နယ် အ.ထ.က (၅) မှ ကျောင်းသား၊ကျောင်းသူ ၆ ဦး ဆေးတက္ကသိုလ် တက်ခွင့်ရရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ယနေ့ စာတင်ခဲ့ကြောင်း လွှတ်တော်အမတ်က ပြောသည်။