လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်တွင် ယမန်နေ့ (ဇူလိုင် ၁၂) တစ်ရက်တည်း ပေါက်ကွဲမှု ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်က လိုက်လံစစ်ဆေးနေသည်ဟု ရန်ကုန်မြို့ခံများနှင့် မြို့ပြပြောက်ကျားအဖွဲ့များထံမှ သိရသည်။
တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းအနီး ထောင်ထားသည့် ဗုံးတစ်ခုကို စစ်ကောင်စီတပ်က နံနက်ပိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် ညပိုင်းတွင် စစ်ကောင်စီက ထိုနေရာနှင့် အနီးဝန်းကျင် ရပ်ကွက်များတွင် ပိုက်စိပ်တိုက် ရှာဖွေနေသည်ဟု တာမွေမြို့ခံတစ်ဦးက ပြောသည်။
“အောင်မင်္ဂလာလမ်းနားမှာ ဗုံးတွေ့ပြီးတော့ အဲဒီညမှာပဲ ကျောက်မြောင်းနဲ့ တာမွေတစ်ဝိုက်လုံး စစ်ကားတွေ ပတ်နေတယ်။ ညပိုင်းရောက်တော့ ၁၀၉ လမ်းနဲ့ လမ်း ၁၅၀ မှာ ဧည့်စာရင်းစစ်တယ်လို့ သိရတယ်။ အဖမ်းအဆီးကတော့ အခု မနက်ထိ မသိရသေးပါဘူး” ဟု ၎င်းက ဆိုသည်။
ယနေ့ နံနက်ကလည်း စစ်သားများ သယ်ဆောင်လာသည့် မော်တော်ယာဉ်များ တာမွေအဝိုင်းထိပ်မှ ရန်ကင်းစင်တာအထိ လှည့်လည်နေသည်ဟု ၎င်းက ဆက်ပြောသည်။
တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းထိပ်ရှိ စစ်ကောင်စီမော်တော်ယာဉ်များကို ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း အမှိုက်ကောက်ကလေးများရောက်ရှိလာပြီး ပြည်သူများက ဝိုင်းအုံကြည့်ရှုနေ၍ စစ်ဆင်ရေးဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု Yangon Ligeration Force အဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ ယမန်နေ့က စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး ယနေ့ နံနက် စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်များ လှည့်လည်နေသည်ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
“မနက် ၈ နာရီနဲ့ ၉ နာရီခွဲလောက်ကြားမှာ စပတ်နေတာ တွေ့ရတယ်။ Double Cab ၂ စင်း၊ ရဲမီးတန်းကား ၂ စင်းနဲ့ ပတ်နေတယ်။ မြေနီကုန်းကနေပြီး စမ်းချောင်းလမ်းဘက်ကို ဝင်သွားတာ တွေ့ရတယ်” ဟု ဆိုသည်။
လုံခြုံရေးထူထပ်စွာချထားသည့် ရန်ကုန်တွင် ယမန်နေ့က စမ်းချောင်း၊ တာမွေ၊ လှိုင်သာယာမြို့နယ်များ၌ ၄ ကြိမ်ထက်မနည်း ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ထိုကဲ့သို့ စစ်ဆေးမှုတင်းကျပ်နေခြင်းဖြစ်သည်။
ယမန်နေ့က မြေနီကုန်း၊ ဒဂုံစင်တာရှေ့နှင့် လှိုင်သာယာမြို့နယ် ၅ ထိပ်ပန်းခြံတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူ ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အွန်လိုင်းမီဒီယာတချို့တွင် ဖော်ပြထားသည်။
ထိုပေါက်ကွဲမှုများကြောင့် အရပ်သားပြည်သူသေဆုံးမှုများနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များက သတင်းထုတ်ပြန်ထားခြင်း မရှိသေးသလို Myanmar Now သတင်းဌာနကလည်း သီးခြား အတည်မပြုနိုင်သေးပေ။
သို့သော်လည်း ဇူလိုင် ၁၁ ညပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင်၏ အစ်မတော်စပ်သူ ဒေါ်ဇင်ဇင်လှိုင်၏ နေအိမ်ကို ဖောက်ခွဲတိုက်ခဲ့ကြောင်း Federal Liberation Army – Hlaing Tharyar Tsp က ထုတ်ပြန်ထားပြီး၊ ပြည်လမ်း ၉ မိုင် Ocean အရောင်းစင်တာအနီးရှိ ယာဉ်ထိန်းရဲကင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု Special Nway Oo အဖွဲ့နှင့် God’s Hand Forces တပ်ဖွဲတို့က အသီးသီးထုတ်ပြန်ထားကြသည်။
ပြီးခဲ့သည့် ဇွန်က ရန်ကုန်မြို့ခံ လူငယ် ၅၀ ကျော်ကို မြို့ပြပြောက်ကျားသပိတ်များတွင် ပါဝင်သည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ အများစုမှာ ယခုအချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးပေ။
ဖမ်းဆီးခံရသူများကို နှိပ်စက်၊ ညှဉ်းပန်း စစ်ဆေးလေ့ရှိသည့် စစ်ကောင်စီသည် ဖမ်းဆီးမှုများထဲမှ တချို့ကိုသာ သတင်းထုတ်ပြန်လေ့ရှိသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၀၇၇ ဦးထက်မနည်း ရှိနေပြီဖြစ်ပြီး ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၄၈၃ ဦးထက်မနည်း ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ဇူလိုင် ၁၂ တွင် ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)