သတင်း

ရခိုင်တွင် မြေမြှုပ်မိုင်းကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရနေ

ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် ယခုလအတွင်း အသက် ၁၈ နှစ်အောက် ကျောင်းသားတစ်ဦးနှင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကာ ကလေးအချို့လည်း ဒဏ်ရာရခဲ့ကြသည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ထံမှ သိရသည်။ 

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူနှစ်ဦးမှာ အမ်းမြို့နယ် ကဇုကိုင်းကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသားတစ်ဦးနှင့် ကျောက်တော်မြို့နယ် မျာလီကန်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ကိုမောင်မောင်သန်းတို့ဖြစ်သည်ဟု AASYC ၏ သုတေသနနှင့် မှတ်တမ်းဌာန တာဝန်ခံ မခင်မာထွေးက ပြောသည်။

ကဇုကိုင်းရွာမှ လူငယ်မှာ တောင်ပေါ်သို့ မျှစ်ချိုးရန် သွားရောက်စဉ် ဇူလိုင် ၈ ရက်က မိုင်းနင်းမိခဲ့ကာ ကိုမောင်မောင်သန်းမှာ ရွာအနီး နွားကျောင်းနေစဉ် မိုင်းနင်းမိခဲ့သည်ဟု မခင်မာထွေးက ပြောသည်။

မြောက်ဦးမြို့နယ် ကလောင်တောင်ကျေးရွာနှင့် ပေါင်းတုတ်သစ်ရွာတို့မှ အသက် ၁၃ နှစ်အရွယ် ၂ ဦး၊ ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် ကလေး ၂ ဦးတို့လည်း ဇူလိုင် ၈ ရက်က နွားကျောင်းသွားနေစဉ် မိုင်းနင်းမိကြပြီး ဆေးကုသမှုခံယူနေကြရသည်ဟု သိရသည်။

“ဖြစ်ပွားတဲ့နေရာတွေအများစုက စကစ (စစ်ကောင်စီ) တပ်စွဲထားတဲ့ နေရာနားတစ်ဝိုက်တွေမှာ ဖြစ်တာပါ။ တောင်ယာတွေနားမှာပေါ့။ စကစတပ်ရင်းတွေနားမှာ မြေမြှုပ်မိုင်းနင်းမိသွားပြီဆိုရင် အချိန်မီဆေးကုသခွင့်ရဖို့က လုံးဝအဆင်မပြေဘူး” ဟု မခင်မာထွေးက ပြောသည်။

မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်အများစုမှာ တောင်ယာလုပ်ငန်းများအနီးတွင် ပေါ်ပေါက်၍ တောင်ယာကို မှီခိုနေရသည့် ဒေသခံများ၏ စားဝတ်နေရေးကိုလည်း ထိခိုက်မှုများရှိလာနေသည်။ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာနေသည့် ယခုကာလအတွင်း ရခိုင်ပြည်နယ်ဒေသခံများ မြေမြှုပ်မိုင်းဒဏ် ပိုမိုခံလာကြရသည်ဟုလည်း ဒေသခံအချို့က ပြောသည်။

“ဝါးကလေးခုတ်၊ ထင်းကလေးခုတ်ပြီး မရှိမဲ့ရှိမဲ့နဲ့ ကလေးတွေကို ကျောင်းထားပေးထားရတာပါ။ မိုင်းပေါက်သံကြားကြားချင်း တောင်ပေါ်ကို တက်ဖို့ သွားတာမှာ သူတို့ (စစ်ကောင်စီ) က တောင်ပေါ်ကို တက်ခွင့်မပေးပါဘူး” ဟု မျှစ်ချိုးသွားရင်း မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားသော ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသား၏ အဖိုးဖြစ်သူက ဆိုသည်။

“ဒါတွေကို လုပ်တာ ဘယ်သူတွေလဲဆိုတာ ပြောနေစရာတောင် မလိုတော့ပါဘူး။ သိနေတာပဲ။ တစ်ခုပဲ တောင်းဆိုချင်တာ မိုင်းတွေကို ဆက်ပြီးမထောင်ကြဖို့နဲ့ လက်ကျန်မိုင်းတွေကို ရှင်းပေးပါ” ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် ၂၁ ခုအထိ ရှိခဲ့ပြီး သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရရှိခဲ့သူ ၃၄ ဦးရှိခဲ့သည်ဟု AASYC ၏ မှတ်တမ်းများတွင် ဖော်ပြသည်။ ယခုနှစ်တွင်မူ ဇူလိုင်လထိ ဖြစ်စဉ် ၉ ခု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရ ၁၆ ဦးနှင့် သေဆုံးသူ ၂ ဦးရှိကာ ဖြစ်စဉ်များအားလုံးတွင် ကလေးငယ်များပါဝင်လျက်ရှိနေသည်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဧပြီလအထိ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုများကြောင့် ကလေးငယ် ၁၁၅ ဦး ဒဏ်ရာရကာ သေဆုံးမှုများလည်း ရှိခဲ့ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ – UNICEF ၏ ဇွန်လအတွင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNICEF ၏ ၂၀၂၂ ခုနှစ် ပထမ သုံးလပတ်ကာလအတွင်း ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ တစ်နိုင်ငံလုံးတွင် မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရသူ ၁၀၀ ဦးအထိ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်မူ ထိခိုက်ဒဏ်ရာရသူ ၂၈၄ ဦးအထိ တိုးလာခဲ့သည်။

နိုင်ငံအတွင်း မြေမြှုပ်မိုင်းဒဏ်ကို အများဆုံးခံစားရသောပြည်နယ်များမှာ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်၊ တနင်္သာရီတို့ ဖြစ်သည်ဟု UNICEF က ဆိုသည်။  စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာပြည်အလယ်ပိုင်းဒေသများပါ ပါဝင်လာကာ ထိခိုက်သူ ၃၇ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်သည်ဟု UNICEF ၏ အစီရင်ခံစာများတွင် ဖော်ပြသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် AA တို့ထံ မေးမြန်း၍ မရသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button