
ရန်ကုန် အင်းစိန်အကျဉ်းထောင်အပါအဝင် မန္တလေးအိုးဘိုထောင်နှင့် မွန်ပြည်နယ် ကျိုက်မရောထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများကို ယခုရက်ပိုင်းအတွင်း အခြားထောင်များသို့ ပြောင်းရွှေ့နေကြောင်း နီးစပ်သူများနှင့် မိသားစုဝင်များထံ သိရသည်။
အထက်ပါ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများကို ယမန်နေ့ (ဇူလိုင် ၅) မှစ၍ ကျိုက်မရော၊ ဒိုက်ဦး၊ သာယာဝတီနှင့် မြင်းခြံထောင်များသို့ ပြောင်းရွှေ့နေခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ် သုံးနှစ်ချခံထားရသည့် အသက် ၁၉ နှစ်အရွယ် မဇာခြည်ဝင်းကို ကျိုက်မရောထောင်သို့လည်းကောင်း၊ ထောင် ၇ နှစ် ချခံထားရသည့် မခိုင်ဇာကို ဒိုက်ဦးထောင်သို့လည်းကောင်း ပို့ဆောင်လိုက်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ပြောင်းတာ တော်တော်တော့ ပါသွားတယ်။ ထောင်မှာ ဆူပူပြီး ဆန္ဒပြတုန်းက ပါတဲ့သူတွေကို နယ်ပို့ပစ်တာတဲ့” ဟု ၎င်းက ဆိုသော်လည်း ထောင်ပြောင်းသည့် အကြောင်းရင်းအသေးစိတ်ကို မသိရပေ။
အင်းစိန်ထောင်မှ ပြောင်းရွှေ့ခံရသူများတွင် ကိုဉာဏ်လင်းထက်နှင့် ကိုဝမ်းဝမ်းဆိုသူ နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ကြောင်း ဒိုက်ဦးနှင့် ကျိုက်မရောသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်ဟု အထက်ပါ နီးစပ်သူက ပြောသည်။
အင်းစိန်ထောင်မှ ပြောင်းရွှေ့ခံရသူများတွင် ထောင်တွင်းဆန္ဒပြမှုကြောင့် တိုက်ပိတ်ခံထားရသူများ ပါဝင်သည်ဆိုသော်လည်း ထောင်ပြောင်းခံရသူအရေအတွက် မသိရပေ။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်သဖြင့် ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ်သုံးနှစ်ချခံရသူ ဗကသကျောင်းသား ကိုအောင်မင်းခိုင်မှာ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည်ဟု ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။
အသက် ၂၄ နှစ်အရွယ် ထိုဗကသကျောင်းသားမှာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်အတွင်းက လက်ပံတန်းသပိတ်တွင် ပါဝင်မှုဖြင့် အဖမ်းခံရဖူးပြီး အာဏာသိမ်းစစ်ကောင်စီ၏ ထပ်မံအရေးယူခြင်း ခံရခြင်းဖြစ်သည်။ ၎င်းကို ပြီးခဲ့သည့် ဧပြီလတွင် အင်းစိန်ထောင်မှ ကျိုက်မရောထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
“မိသားစုတွေကိုလည်း မဆက်သွယ်ဘူး။ ပါဆယ်သွားပို့မှ မရှိတော့ဘူးဆိုတာကို သိရတာ။ အဲဒီကနေမှ စုံစမ်းရင်း ကျိုက်မရောရောက်သွားတာကို သိရတယ်။ အခုလည်း ကျိုက်မရောမှာ မရှိတော့ဘူး။ သာယာဝတီကို ရောက်သွားပြီလို့ ဒီနေ့ မနက်မှ သတင်းရတာပေါ့” ဟု ကိုအောင်မင်းခိုင်၏ မိတ်ဆွေက ပြောသည်။
ယမန်နေ့တွင် မန္တလေးအိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသားအချို့ကို မြင်းခြံထောင်သို့ ပို့ဆောင်လိုက်ပြီး ကျိုက်မရောထောင်ရောက်သူများကို သာယာဝတီထောင် ပို့ဆောင်လိုက်ကြောင်း မိသားစုဝင်တစ်ဦးနှင့် နောက်ထပ်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ကျိုက်မရောမှ သာယာဝတီသို့ နိုင်ငံရေးအကျဉ်းသား ၃၃ ဦးကို ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း ထိုသူများထံမှ သိရသော်လည်း အိုးဘိုထောင်မှ ပြောင်းသူအရေအတွက်ကိုမူ မသိရပေ။
“မနေ့က ထောင်ဝင်စာသွားပို့တော့ ထောင်မှာ မရှိတော့ဘူးလို့ ပြောတယ်” ဟု ထောင်ပြောင်းခံရသူ နိုင်ငံရေးအကျဉ်းသားတစ်ဦးနှင့် နီးစပ်သူက ပြောသည်။
ကျိုက်မရောအကျဉ်းထောင်နှင့် ရင်းနှီးသူတစ်ဦးကမူ “အမေစုမွေးနေ့တုန်းက သီချင်းဆိုကြတယ်တဲ့။ ခွန်အားဖြည့်မိငယ်တဲ့။ မဆိုနဲ့လို့ တားတယ်ပေါ့။ တားတာကို ဆိုကြတော့ ပြဿနာဖြစ်သွားတယ်။ ထောင်ဆူသွားတယ်ပေါ့။ အဲဒါပြစ်ဒဏ်တစ်ခုအနေနဲ့ ဆိုးတယ်ဆိုတဲ့ သာယာဝတီထောင်ကို ပြောင်းလိုက်တာတဲ့” ဟု ပြောသည်။
အင်းစိန်ထောင်၌ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အလုပ်ခိုင်းခြင်း၊ ငွေတောင်းခံခြင်း၊ ဆန္ဒပြသူများကို ထောင်ပြောင်းခြင်း၊ ရဲဘက်စခန်းပို့ဆောင်မည်ဟု ခြိမ်းခြောက်ခြင်းများရှိသည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထံမှ သိရသည်။
ထောင်အာဏာပိုင်များက မိသားစုဝင်များကို အသိမပေးဘဲ သတင်းအမှောင်ချကာ ထောင်ပြောင်းရွှေ့ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းမျာမှာ ယခင်စစ်အစိုးရလက်ထက်များတွင်လည်း ရှိခဲ့ဖူးသည်။
မည်သည့်ထောင်သို့ ပြောင်းရွှေ့သည်ကို မသိရသဖြင့် မိသားစုဝင်များအနေဖြင့် ထောင်ဝင်စာပို့ရန် ခက်ခဲနေသည်ဟုလည်း သိရသည်။
ဗကသကျောင်းသား ကိုအောင်မင်းခိုင်ကို ကျိုက်မရောထောင်သို့ ပြောင်းရွှေ့လိုက်သည်ကို ရက်သတ္တပတ် တစ်ပတ်ကျော်မှ သိခဲ့ရပြီး မိသားစုဝင်များအတွက် အဆင်မပြေမှုများရှိကြောင်း ၎င်း၏မိတ်ဆွေက ပြောသည်။
“သူတို့သဘောအတိုင်း ပြောင်းချင်သလို ပြောင်းနေတဲ့အတွက် အပြင်က လူတွေအတွက်လည်း အဆင်မပြေဘူး။ အထဲက နေနေရတဲ့လူတွေအတွက်လည်း ဘယ်လိုမှ အဆင်မပြေဘူးပေါ့။ မိသားစုတွေအတွက်လည်း သတင်းလိုက်စုံစမ်းရတာ အရမ်းခက်ခဲတယ်။ အချိတ်အဆက်ရဖို့က တော်တော်ဆိုးတာပေါ့နော်။ သူတို့လုပ်ချင်တိုင်း လုပ်နေကြတယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးထောင်ချလျက်ရှိရာ အကျဉ်းထောင်တွင် ထိန်းသိမ်းခံရသူများမှာ နည်းလမ်းမျိုးစုံဖြင့် လူအခွင့်အရေးချိုးဖောက်ခံနေရကြောင်းလည်း တက်ကြွလှုပ်ရှားသူများနှင့် မိသားစုဝင်များက ထုတ်ဖော်ပြောဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ယခုလ ၄ ရက်နေ့အထိ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၁,၃၉၃ ဦးရှိပြီး ၁၂၁၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)