သတင်း

ဥကရစ်ထစခန်းတိုက်ပွဲ အသာစီးရကြောင်း မှတ်တမ်းဓာတ်ပုံများ အပြန်အလှန်ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် စည်းမျဉ်းအနီးရှိ စစ်တပ်ခြေကုပ်စခန်း ဥကရစ်ထတစ်ဝိုက် နေ့စဉ်ရက်ဆက် အပြင်းအထန်တိုက်ပွဲများအတွင်း မိမိတို့ဘက်မှ အသားစီးရကြောင်း စစ်ကောင်စီနှင့် ဝင်ရောက်တိုက်ခိုက်သော တော်လှန်ရေးအဖွဲ့များ အပြန်အလှန် သတင်းထုတ်ပြန်လျက်ရှိသည်။

ဥကရစ်ထစခန်း လက်မလွှတ်ရေး ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်သူများကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ စစ်ကူလာသော မြေပြင်စစ်ကြောင်းများ ရောက်ရှိလာပုံကို စစ်ကောင်စီဘက်က မှတ်တမ်းဓာတ်ပုံများနှင့် သတင်းထုတ်ပြန်သည့်နည်းတူ တော်လှန်ရေးအင်အားစုများဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သော Cobroa စစ်ကြောင်းကလည်း စစ်ကောင်စီဘက်က သေဆုံးမှုများအကြောင်း ရုပ်သံမှတ်တမ်းများ ထုတ်ပြန်သည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က ထိုစခန်းကို ဇွန် ၂၆ ရက်မှစ၍ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ (ဇူလိုင် ၄) ထုတ်ပြန်သော ရုပ်သံမှတ်တမ်းအရ ကားလမ်းမပေါ် လဲကျသေဆုံးနေသူများနှင့် ဘုရားကုန်းတစ်ခုအနီး အစုလိုက်သေဆုံးနေသူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည်ဟု KNLA လက်အောက်ခံ Cobra စစ်ကြောင်းက  ဆိုသည်။ 

ဥကရစ်ထစခန်းကုန်းနှင့် မီတာ ၆၀၀ ကျော် (ပေ ၂၀၀၀ ခန့်) အကွာရှိ ဗျူဟာအရ အချက်အချာကျသော နေရာကို စစ်ကူသွားရောက်သော ၎င်းတို့၏မြေပြင်စစ်ကြောင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ဇူလိုင် ၁ ရက်တွင် ကနဦး သတင်းထုတ်ပြန်ခဲ့သည်။

ဥကရစ်ထစခန်းကို စစ်ကူလာသော ထိုစစ်ကြောင်းမှာ ၎င်းတို့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အသေအပျောက်များခဲ့ခြင်းဖြစ်ကြောင်း Cobra ၏ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။

“တကယ်လက်တွေ့မှာ ရောက်သွားတဲ့စစ်ကြောင်းက အဲဒီလောက်အထိ အလဲအကွဲဖြစ်နေတယ်ဆိုတာကို ပြည်သူကို ချပြတာ ဖြစ်ပါတယ်” ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်နှင့် ပတ်သက်၍ ၎င်းတို့ဘက်မှ တုံ့ပြန်မှုအပေါ် ထိုပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“စစ်တပ်ဝါဒဖြန့် ချန်နယ်တွေမှာ ဗျူဟာကုန်းကို သိမ်းမိပြီဆိုပြီး ကြေညာထားတဲ့နေရာပါ။ ဒီကုန်းတွေမှာဆိုရင်လည်း Cobra စစ်ကြောင်းရဲ့တိုက်ခိုက်မှုကြောင့် သူတို့ရဲ့အလောင်းတွေ ပုံထပ်နေတာ ဒဏ်ရာရတဲ့သူတွေကို မြောင်းထဲကို ဆွဲသွင်းထားတာပုံတွေ ဖြစ်ပါတယ်” 

လက်ရှိတွင် ပိတ်ဆို့ခံထားရသည့် ဥကရစ်ထစခန်းဝန်းကျင်ကို စစ်ကောင်စီ၏ စစ်ကူများရောက်ရှိနေပြီး နှစ်ဖက်ရင်ဆိုင်နေသည့် အနေအထားဖြစ်သည်ဟုလည်း ၎င်းထံမှ သိရသည်။

ဥကရစ်ထစခန်းတိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီက သုံးကြိမ်တိုင် သတင်းထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုများအကြောင်း လုံးဝဖော်ပြခြင်း မရှိပေ။

အတိအကျ မသိရသေးသော်လည်း KNU လက်အောက်ခံ ပူးပေါင်းတက်များဘက်မှ ၁၃ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ 

နယ်စပ်စည်းမျဉ်းနှင့် ပေ ၅၀၀ ခန့်သာဝေးသော ခြေကုပ်စခန်းမကျရေးအတွက် စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်ပါ အကြိမ်ပေါင်းများစွာ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခြင်းနှင့် ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည့်အတွင်း မြန်မာစစ်တပ်က တောင်းပန်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ဖော်ပြောဆိုသည်။ 

ဥကရစ်ထစခန်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာနှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်ပြင် အရပ်သားနှစ်ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button