သတင်း

မင်းတပ်မြို့ ကျေးလက်ဒေသကို စစ်လေယာဉ် ဗုံးကြဲ၊ ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့ ချပ်ရွာ၊ စွန်းတောင်ရွာတို့ ယနေ့ (ဇူလိုင် ၂) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ 

မင်းတပ်မြို့ မြောက်ဘက် မိုင် ၅၀ ခန့်အကွာရှိ ထိုရွာများကို နံနက် ၁၁ နာရီဝန်းကျင်တွင် တိုက်လေယာဉ် ၂ စီး လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ချပ်ရွာမှ ဘုရားကျောင်း၊ စာသင်ကျောင်းတို့ ပစ်မှတ်ဖြစ်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။ 

“တိုက်ပွဲလည်း မရှိဘူး၊ ရွာထဲက စာသင်ကျောင်းနဲ့ ဘုရားကျောင်းနားကို ကျတယ်၊ ပထမ ၃လုံး ကြဲတယ်၊ နောက်တစ်ကြိမ် ပြန်ကွေ့လာပြီး ပြန်လာကြဲတယ်၊ ၂ ကြိမ်ကြဲပြီးမှ ပြန်သွားတယ်၊ အနီးကပ် လာကြဲသွားတာ” ဟု ကိုယောမန်က Myanmar Now ကို ပြောသည်။ 

“စာသင်ကျောင်းတို့၊ ဘုရားကျောင်းတွေဆိုတာ ဗုံးမကြဲရတဲ့ နေရာတွေဗျ၊ သူတို့က ဒါတွေလည်း စဉ်းစားမှာမဟုတ်ဘူး။ ဒီတော်လှန်ရေးကို ဒီထက်အရှိန်မြှင့် ဆက်တော်လှန်ဖို့ပဲရှိတယ်” 

ရုပ်အလောင်းများမှာ ဆိုးဆိုးရွားရွား ရုပ်ပျက်လျက်ရှိပြီး မည်သူမည်ဝါ ခွဲခြားနိုင်ခြင်း မရှိသေးကြောင်း၊ ထိခိုက်ဒဏ်ရာရသူများတွင် အရပ်သားများနှင့် ကာကွယ်ရေးအဖွဲ့များ ပါဝင်ကြောင်း သူက ဆိုသည်။ 

ဗုံး ၅ လုံးကြဲချမှုကြောင့် ချပ်ရွာ၏ ပျက်စီးဆုံးရှံးမှုအခြေအနေအသေးစိတ်ကို ဆက်သွယ်ရေးအခက်အခဲကြောင့် အတိအကျ မသိရသေးကြောင်း ကိုယောမန်က ပြောသည်။  

ပြီးခဲ့သည့်နှစ်လယ်ပိုင်းက ရှပ်ရွာအနီး တိုက်ပွဲပြင်းထန်နေချိန်တွင် စစ်တပ်က လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ဖူးကြောင်း၊ ယနေ့တွင်မူ  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများပေါ်သို့ လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း  သိရသည်။ 

ဗုံးကြဲမှုကြောင့် ဒေသခံများ ထိတ်လန့်နေကြရသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

“ပြည်မဘက်က မကွေးတိုင်းဘက်ကနေ တက်လာတယ်။ ပြီးတော့ ချပ်ရွာဘက်မှာ ဗုံးကြဲသွားတယ်။ မြို့ပေါ်မှာ လည်းတော်တော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတယ်။ စိုးရိမ်ပူပန်သွားကြတာပေါ့” ဟု မင်းတပ်မြို့နယ်မှ လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ 

အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်နေသည့် မင်းတပ်အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

လူနေရပ်ကွက်ကျေးရွာအတွင်း ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ကာကွယ်ပြောဆိုခဲ့ဖူးသည်၊ ခုခံသူတို့က လူနေအဆောက်အအုံများကို အကာအကွယ်ယူပြီး တိုက်ခိုက်သဖြင့် တုံ့ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။ 

မင်းတပ်မြို့တွင် အခြေစိုက်တပ်စွဲထားသည့် ခြေလျင်တပ်ရင်း ၂၇၄ သည် အနီးအနားကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်မှုကြောင့် ဇွန်လ တစ်လတည်းတွင် ၁၄ နှစ်သား တစ်ဦး၊ အမျိုးသမီး ၂ ဦး၊ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ 

စစ်ကောင်စီကို အစောဆုံးလက်နက်စွဲကိုင်ခဲ့ရာ ဒေသတစ်ခုဖြစ်ပြီး စစ်အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ခံထားရသည့် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သည် ဒေသခံကာကွယ်ရေးတပ် PDF များနှင့် တိုက်ပွဲများတွင် ထိခိုက်မှုများပြားလျက်ရှိနေရာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူမှုများဖြင့် တိုက်ခိုက်နေသည်။ 

အလားတူတိုက်ခိုက်မှုမျိုးကို ကရင်ပြည်နယ်တွင်လည်း တွေ့နေရသည်။

ကရင်ပြည်နယ် မြဝတီမြို့မှ ၁၈ မိုင်ခန့်အကွာရှိ ဥကရစ်ထစခန်းတိုက်ပွဲတွင် အထိနာလျက်ရှိသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြန်လည်တုံ့ပြန်လာခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button