သတင်း

ဥကရစ်ထတွင် တိုက်ပွဲပြင်းထန်ဆဲ၊ စစ်တပ်က ဗုံးကြဲစဉ် ထိုင်းဘက်ခြမ်းကျ

နယ်စပ်စည်းမျဉ်းအနီးရှိ ဥကရစ်ထစခန်းတွင် လေးရက်မြောက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် ဆက်လက်ဗုံးကြဲတိုက်ခိုက်ရာ ယနေ့ (ဇွန် ၂၉) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဘက် ခြမ်းသို့ ကျရောက်ပေါက်ကွဲကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၁၈ မိုင်အကွာ နယ်စပ်စည်းမျဉ်းနှင့် ပေ ၅၀၀ ခန့်သာ ကွာဝေးသော စစ်ကောင်စီ၏ ထိုခြေကုတ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ဖွဲ့များက ဇွန် ၂၆ ရက် တွင် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ယနေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်တစ်စင်း ရောက်လာပြီးနောက် နံနက် ၁၀ နာရီနှင့် ၁၁ နာရီတွင် တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲကြောင်း ဒေသခံ ကရင်အမျိုး သမီးတစ်ဦးက ပြောသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်စဉ် ထိုင်းနိုင်ငံဘက်ခြမ်း ဝေါလေမူဘန်းရွာအတွင်း ကျရောက်ပေါက်ကွဲကြောင်း ၎င်းက ပြောသည်။

“ဒီလိုမျိုး လက်နက်ကြီး ကျည်ဆန်ကျတာက သောကြာနေ့တုန်းကလည်း ရှိတယ်။ လက်နက်ငယ်တွေ ကတော့ ခဏခဏ ကျတယ်” ဟု ထို အမျိုးသမီးက ဆိုသော်လည်း ထိုင်းနိုင်ငံဘက်ခြမ်း ကျရောက်ပေါက် ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ မသိရပေ။ 

ထိုင်းစစ်တပ်က လမ်းများကို ပိတ်ဆို့ထားကာ ရွာသားများကို ဖြတ်သန်းသွားလာခွင့် မပြုတော့သော ကြောင့် စစ်ဘေးရှောင်များကို စားနပ်ရိက္ခာထောက်ပံ့ပေးရန် အခက်အခဲဖြစ်လာနိုင်သည်ဟု ဆိုသည်။ 

တိုက်ပွဲ အပြင်းအထန်ဖြစ်နေသော ဥကရစ်ထစခန်းသို့ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် လက်နက်နှင့် ရိက္ခာလာရောက်ချထားပေးကြောင်း အထက်ပါ အမျိုးသမီးထံမှ သိရသည်။​

စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် ဂျက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်နေ ခြင်းဖြစ်သည်။ 

ယမန်နေ့ ညပိုင်းတွင် ဥကရစ်ထစခန်းတွင်းရှိ တဲနှစ်လုံးကို သိမ်းနိုင်ခဲ့သော်လည်း ယနေ့နံနက်တွင် စစ်တပ် က ပြန်လည်ဝင်ရောက်လာရာ တိုက်ပွဲဆက်ဖြစ်နေသည်ဟု KNDO တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 

“ညက တဲနှစ်လုံးပဲ မီးရှို့နိုင်တာ။ အကုန်သိမ်းနိုင်သေးတာ မဟုတ်ဘူး။ ဒီမနက်ပြန်တိုက်နေတယ်” 

လက်ရှိအချိန်ထိ စစ်ကောင်စီစခန်းကို သိမ်းယူနိုင်ခြင်း မရှိသေးဘဲ အပြင်းအထန် တိုက်နေရဆဲဖြစ် ကြောင်း သတင်းအမှားများ မထုတ်လွှင့်ရန် ပါဝင်တိုက်ခိုက်နေသော KNLA လက်အောက်ခံ Cobra စစ်ကြောင်းအဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်၌ ယနေ့ နံနက်ပိုင်းတွင် ပြောထားသည်ကို တွေ့ရသည်။

“ရဲဘော်တစ်ယောက် ကျသွားတာ၊ အလောင်းတောင် တက်ကောင်လို့ မရဘူး” ဟု တိုက်ရိုက်လွှင့်တင်ထား သည့် ရုပ်သံဖိုင်တွင် ၎င်းက ပြောဆိုသည်။ 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် သုံးဦး ထပ်မံကျဆုံးပြီး လေးရက်အတွင်း ကျဆုံးသူ ၁၃ ဦးရှိပြီဖြစ်ကြောင်း KNDO ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့တစ်ဦးထံမှ သိရသည်။​

စစ်ကောင်စီဘက်တွင်လည်း ထိခိုက်သေဆုံးမှုများ ရှိသည်ဟု သိရသော်လည်း အတိအကျ မသိရပေ။

စစ်ကောင်စီနှင့် KNU ပူးပေါင်းတပ်ဖွဲ့များ အပြင်းအထန် တိုက်ခိုက်နေသည့် ဥကရစ်ထစခန်းမှာ မြဝတီမြို့ နယ်အတွင်း  ဖလူး၊ ဝေါလေ၊ စုံကလိ စသည့်ကျေးရွာများကို ဆက်သွယ်သွားလာရာ လမ်းတွင်ရှိပြီး စစ်ရေးဗျူဟာအရ အချက်အချာကျသည့်နေရာဖြစ်ကြောင်း သိရသည်။​

အာဏာသိမ်းပြီးကတည်းက KNU ထိန်းချုပ်ရာနယ်မြေများတွင် စစ်ကောင်စီနှင့် တိုက်ပွဲအဆက်မပြတ် ဖြစ်နေကာ စစ်တပ်စခန်းအချို့ကို KNU ပူးပေါင်းတပ်များက သိမ်းယူခြင်းများရှိခဲ့သည်။

ယခုလ ၁၃ ရက်တွင် လက်ရှိတိုက်ပွဲဖြစ်နေသော ဥကရစ်ထစခန်း အရှေ့မြောက်ဘက် သုံးမိုင်ကျော်အကွာ ရှိ ဝေါလေရဲစခန်းကို KNDO ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ဖမ်းဆီးခံထားရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် ၉ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ရဲ ငါးဦးကိုလည်း KNDO ပူးပေါင်းအဖွဲ့က လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။

မေလအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ်အနီး စစ်တပ်အခိုင်အမာတပ်စွဲထားသည့် သေ့ဘောဘိုးစခန်း ကုန်းကို KNU လက်အောက်ခံတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button