ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်ခြေကုပ်စခန်းဖြစ်သော ဥကရစ်ထတွင် သုံးရက်မြောက် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ကရင်ပြည်နယ် မြဝတီတောင်ဘက် ၁၈ မိုင်အကွာရှိ ဥကရစ်ထစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) စစ်ကြောင်းများက ဇွန် ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်စည်းမျဉ်းနှင့် မီတာ ၁၅၀ သာ (ပေ ၅၀၀ ခန့်) ကွာဝေးသည့် ထိုစခန်းကို KNLA နှင့် KNDO ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီကလည်း ယမန်နေ့ ညနေပိုင်းနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်သဖြင့် ခြေကုပ်စခန်းအနီးတစ်ဝိုက်ရှိ ဥကရစ်ထရွာတွင် ထိခိုက်ပျက်စီးမှုများရှိကြောင်း၊ သို့သော် သေသေချာချာ မသိရသေးကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
“လက်နက်ကြီးအသံက အတော်ကျယ်လို့ ကလေးတွေတောင် လှန့်ပြီး ငိုတယ်။ မိသားစုတွေ တကွဲတပြားထွက်ပြေးနေရတယ်” ဟု ၎င်းက ပြောသည်။
ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံများ နယ်စပ်ရှိ သောင်ရင်းမြစ်တစ်လျှောက်နှင့် တောင်ယာတဲများတွင် ပုန်းအောင်းနေကြရပြီး ၎င်းတို့ဘက်ခြမ်းသို့ ဝင်ရောက်မလာစေရေး ထိုင်းနယ်ခြားစောင့်တပ်က စောင့်ကြည့်စစ်ဆေးနေသည်ဟုလည်း အမည်မဖော်လိုသည့် ထိုဒေသခံက ဆိုသည်။
တိုက်ပွဲအတွင်း KNU ပူးပေါင်းတပ်ဖွဲ့များဘက်မှ သုံးဦး သေဆုံးကာ ဒဏ်ရာရသူ ၁၈ ဦးရှိသည့်အနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း KNDO နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယမန်နေ့တွင် စစ်တပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ရှစ်ကြိမ်ခန့် ဗုံးလာကြဲကြောင်း၊ ယနေ့ မွန်းလွဲ ၁ နာရီ ခွဲခန့်တွင်လည်း ဗုံးလာကြဲကြောင်း ၎င်းက ဆိုသည်။
ဥကရစ်ထစခန်းတိုက်ပွဲတွင် စစ်ကောင်စီဘက် ထိုင်းနိုင်ငံဘက်ခြမ်းမှနေ၍ စစ်ကူများပေးပို့နေကြောင်း၊ စစ်သားများကို တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ (DKBA) ဝတ်စုံဖြင့် စစ်ကူပို့နေကြောင်း အထက်ပါ နီးစပ်သူက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။ ထို့အတူ KNU တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။
မြဝတီမြို့နယ် ဝေါလေဒေသရှိ ဥကရစ်ထစခန်းသည် အချက်အချာကျသည့်လမ်းပေါ်တွင် တည်ရှိပြီး စစ်ကောင်စီတပ်က ထိုစခန်းမှတစ်ဆင့် တပ်ဖြန့်လေ့ရှိကြောင်း၊ ထိုဒေသတစ်ဝိုက် တိုက်ပွဲများအတွင်း လက်နက်ကြီးပစ်ကူပေးလေ့ရှိရာ နေရာလည်းဖြစ်သည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်ရာနယ်မြေများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNU အကြား တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေပြီး စစ်တပ်စခန်းအချို့ကို KNU ပူးပေါင်းတပ်များက သိမ်းယူခြင်းများရှိခဲ့သည်။
ယခုလ ၁၃ ရက်နေ့တွင် လက်ရှိတိုက်ပွဲဖြစ်နေသော ဥကရစ်ထစခန်း အရှေ့မြောက်ဘက် သုံးမိုင်ကျော်အကွာရှိ ဝေါလေရဲစခန်းကို KNDO ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။
ထိုတိုက်ပွဲတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ဖမ်းဆီးခံထားရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် ၉ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ရဲ ငါးဦးကိုလည်း KNDO ပူးပေါင်းအဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့သည်။
မေလအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ်အနီး စစ်တပ်အခိုင်အမာတပ်စွဲထားသည့် သေ့ဘောဘိုးစခန်းကုန်းကို KNU လက်အောက်ခံတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည့်နည်းတူ ဧပြီလအတွင်းကလည်း စစ်ကောင်စီ၏ မော်ခီးစခန်း တိုက်ခိုက်သိမ်းပိုက်ခံရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)