အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်းနယ်စပ်အနီး စစ်တပ်ခြေကုပ်စခန်းကို KNU ပူးပေါင်းအဖွဲ့ အပြင်းအထန်တိုက်နေ 

ထိုင်း-မြန်မာနယ်စပ်စည်းမျဉ်းနှင့် မီတာ ၁၅၀ (ပေ ၅၀၀ ခန့်) ခန့်သာ ကွာဝေးသည့် မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီခြေကုပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲအပြင်းအထန်ဆက်ဖြစ်နေသည်ဟု သိရသည်။

ကရင်ပြည်နယ်တောင်ပိုင်း နယ်စပ်မြို့ မြဝတီတောင်ဘက် ၁၈ မိုင်အကွာရှိ ဥကရစ်ထစခန်းကို ယမန်နေ့ (ဇွန် ၂၆) ကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တို့နှင့်အတူ လက်အောက်ခံစစ်ကြောင်းများ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ 

အဆိုပါစခန်းကို ယမန်နေ့ နံနက် ၅ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း KNDO ၏ အထူးကွန်မန်ဒိုတပ်ရင်းမှ အဖွဲ့ဝင်တစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

“အခြေအနေက တိုက်နေတုန်းပဲ။ အခု ရှေ့တန်းနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ လက်နက်ကြီးသံတွေကတော့ ကြားနေရတယ်။ အခု မိုးလည်း ရွာနေတယ်။ မနေ့ညကလည်း တိုက်တယ်။ အထိခိုက်လည်းရှိတယ်” ဟု ၎င်းက ပြောသည်။

နယ်စပ်စည်းမျဉ်းအနီးရှိ ဥကရစ်ထစခန်း၌ တိုက်ပွဲများပြင်းထန်နေစဉ် ထိုင်းစစ်တပ်က ၎င်းတို့ဘက်ခြမ်းတွင် အသင့်အနေအထား လုံခြုံရေးယူထားသည်ဟု ဆိုသော်လည်း အသေးစိတ် မသိရပေ။

ယမန်နေ့က တိုက်ပွဲအတွင်း KNU လက်အောက်ခံစစ်ကြောင်းများမှ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိထားကြောင်း၊ စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း KNDO နှင့် နီးစပ်သူတစ်ဦးက ဆိုသော်လည်း  သီးခြားအတည်မပြုနိုင်ပေ။ 

ဥကရစ်ထစခန်းတိုက်ပွဲနှင့် ပတ်သက်၍ အခြေအနေအသေးစိတ်ကို မပြောနိုင်သေးကြောင်း KNDO တပ်ဖွဲ့ဝင်က ဆိုသည့်နည်းတူ KNU တာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။ 

ထိုခြေကုပ်စခန်းမှာ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျပြီး စစ်ကောင်စီက KNU တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်နေရာတွင် ထိုနေရာမှ တပ်ဖြန့်လေ့ရှိကြောင်း၊ လက်နက်ကြီး အဓိကပစ်သည့် နေရာလည်းဖြစ်သည်ဟု သိရသည်။

ဥကရစ်ထစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာထဲတွင် ကတုတ်ကျင်းတူး၍ ပုန်းခိုကာ တိုက်ခိုက်နေကြခြင်းဖြစ်ပြီး လက်နက်ကြီးများကို အဓိကထားပစ်ခတ်နေသည်ဟု KNDO နှင့် နီးစပ်သူက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ် (BGF) ဝတ်စုံများဖြင့် မြေပြင်စစ်ကူများ ရောက်လာကြောင်း၊ ဥကရစ်ထစခန်း၏ အရှေ့မြောက်ဘက်နှင့် အခြားနေရာတစ်ခုတွင်လည်း တိုက်ပွဲများဖြစ်နေသည်ဟု သိရသည်။

အာဏာသိမ်းပြီးကတည်းက KNU ထိန်းချုပ်ရာနယ်မြေများတွင် စစ်ကောင်စီနှင့် တိုက်ပွဲအဆက်မပြတ်ဖြစ်နေကာ စစ်တပ်စခန်းအချို့ကို KNU ပူးပေါင်းတပ်များက သိမ်းယူခြင်းများရှိခဲ့သည်။

ယခုလ ၁၃ ရက်တွင် လက်ရှိတိုက်ပွဲဖြစ်နေသော ဥကရစ်ထစခန်း အရှေ့မြောက်ဘက် သုံးမိုင်ကျော်အကွာ ရှိ ဝေါလေရဲစခန်းကို KNDO ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ဖမ်းဆီးခံထားရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် ၉ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ရဲ ငါးဦးကိုလည်း KNDO ပူးပေါင်းအဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့သည်။

မေလအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ်အနီး စစ်တပ်အခိုင်အမာတပ်စွဲထားသည့် သေ့ဘောဘိုးစခန်းကုန်းကို KNU လက်အောက်ခံတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button