
(ဇွန် ၂၂) နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အရပ်သားကားဖြင့် သွားလာနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားရာ အရာရှိအဆင့်အပါအဝင် ရဲ ၁၄ ဦး နေရာမှာပင် သေဆုံးခဲ့ပြီး သေနတ် ၁၁ လက် ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေသခံကာကွယ်ရေးအဖွဲ့ ၁၅ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ရေဦး-ခင်ဦးလမ်းပိုင်းရှိ မူးဘောင် (ရေပေးတူးမြောင်း) အနီး ရောက်လာသည့် အဆိုပါ SKAT အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ရဲများနှင့် တစ်နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လမ်းပေါ် စစ်ဆေးနေတာ ယာဉ်မောင်းက ရပ်မပေးလို့ သံသယနဲ့ စပစ်တာ။ ယာဉ်မောင်း ခေါင်းမှန်တာ။ ကားက လမ်းဘေးထိုးကျသွားတယ်။ ပြန်ပစ်တော့မှ ရန်သူမှန်းသိပြီး ပစ်ကြတာ။ တားတဲ့အချိန်တုန်းကတော့ (PDF) အင်အားမများဘူး။ နှစ်ဖက် တိုက်ပွဲဖြစ်တော့ တောင်ဘက်၊ မြောက်ဘက် ဝိုင်းပစ်ကြတာ” ဟု ခင်ဦး PDF တာဝန်ရှိသူက ပြောသည်။
ခင်ဦးမြို့နယ်အနောက်ပိုင်း ဂွေးကုန်းရွာနှင့် ကန်သစ်ရွာအကြား မူးဘောင်ပေါ်တွင် ဖြစ်ပွားခဲ့သော ထိုတိုက်ပွဲတွင် ဒုတိယရဲမှူး စိုးထွဋ်ခိုင်ဆိုသူသာ ရဲယူနီဖောင်းဖြင့်ဖြစ်ပြီး ရဲမေ ၃ ဦး၊ ရဲ ၁၀ ဦးတို့မှာ အရပ်ဝတ်ဝတ်ထားကြသည်ဟု ဆိုသည်။
တိုက်ပွဲစတင်စဉ် လမ်းဘေးထိုးကျသွားသည့် ကားပေါ်မှ သေနတ်များဖြင့် ပြန်ပစ်ခတ်ပြီးနောက် ခင်ဦးမြို့နယ်အတွင်းမှ ဒေသခံကာကွယ်ရေးအဖွဲ့များ၊ ပြောက်ကျားအဖွဲ့များ စစ်ကူရောက်လာသဖြင့် အသာစီးရယူနိုင်ခဲ့သည်ဟု ဆိုသည်။

“ရဲမေတွေကတော့ လက်နက်မပါဘူး။ ကားပေါ်မှာ အလောင်းကတော့ ၁၄ လောင်း။ လွတ်တဲ့သူ မရှိဘူး။ အကုန်လုံး သေတာ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ခင်ဦးအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ဘေးစောင်းလဲနေသော ကားပေါ်၌ သေဆုံးနေကြပြီး PDF များ၊ ကာကွယ်ရေးအဖွဲ့များက စစ်ဆေးကြည့်ရှုနေသည်ကို တွေ့မြင်ရသည်။
အပွင့် ၃ ပွင့်ပါ ရာထူးတံဆိပ်နှင့် စိုးထွဋ်ခိုင်အမည်ပါ တံဆိပ်ပြားနှစ်ခုကိုလည်း တွေ့ရှိရသည်။
၎င်းတို့ စီးနင်းလာသောကားသည် ဒေသအတွင်း စပါး၊ မြေ သယ်ယူရာတွင် အသုံးပြုသောကားဖြစ်ပြီး စစ်ကောင်စီတပ်သားများ အရပ်သားအယောင်ဆောင်၍ သွားလာနေခြင်းဖြစ်သည်ဟု PDF ဘက်က ဆိုသည်။
“သူတို့ကတော့ မြေသယ်ကားနဲ့ ပုံဖျက်ပြီးလာတာ၊ ကျွန်တော်တို့က မသင်္ကာလို့ တားတော့ မောင်းပြေးတာမှာ ခေါင်းခန်းထဲက ရဲကို မြင်လိုက်ရာက တိုက်ပွဲစဖြစ်တာပဲ။ (မနက်) ၉ ခွဲလောက်ကနေ ၁၁ လောက်အထိ ဖြစ်သွားတယ်” ဟု ခင်ဦးမြို့နယ် PDF တပ်ရင်း ၃ မှ ပြောဆိုခွင့်ရှိသူကလည်း ပြောသည်။
လက်ရှိတွင် ဂွေးကုန်းရွာဘက်မှ စစ်ကောင်စီတပ်က ကန်သစ်ရွာအနီးဝန်းကျင်ကို လက်နက်ကြီးများနှင့် ပစ်ခတ်နေသဖြင့် ထောင်နှင့်ချီသည့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ ညနေပိုင်းတွင် သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)