ရန်ကုန်မြို့ တောင်ဒဂုံနှင့် ဒဂုံမြို့နယ်တို့တွင် ယနေ့ (ဇွန် ၁၆) ပေါက်ကွဲမှုဖြစ်ကာ လူငယ်နှစ်ဦးသေဆုံးကြောင်း မြို့ခံများနှင့် ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြုသည်။
နံနက် ၁၀ ခန့်က ဒဂုံမြို့နယ် ဗိုလ်ရာညွန့်လမ်း ပေါက်ကွဲမှုတွင် ဗုံးထောင်သူဟု ယူဆရသူ လူငယ်သေဆုံးကာ တောင်ဒဂုံမြို့နယ် အင်းဝအိမ်ရာအနီးရှိ ဧရာဝဏ်လမ်းမပေါ်တွင်လည်း စစ်တပ်က လိုက်လံပစ်ခတ်စဉ် အခြားလူငယ်တစ်ဦးသေဆုံးကြောင်း သိရသည်။
“ဗိုလ်ရာညွန့်လမ်းမှာ ပေါက်ကွဲတာ သိရသလောက်တော့ သူတစ်ယောက်တည်းပါပဲ။ ဗုံးလာထောင်ရင်းနဲ့ ကွဲတယ်လို့ သိရတယ်” ဟု ရဲသတင်းရင်းမြစ်က Myanmar Now ကို ပြောသည်။
ဗိုလ်ရာညွန့်လမ်း ပေါက်ကွဲမှုတွင် ဂျင်းဘောင်းဘီနှင့် အင်္ကျီအဖြူရောင် ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး အငှားယာဉ်ဘေးရှိ သွေးအိုင်ထဲတွင် လဲကျနေသည့်ဓာတ်ပုံလည်း လူမှုကွန်ရက်တွင် တွေ့ရသည်။
ယနေ့ နံနက်ပိုင်း၌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် သေဒဏ်ချခံထားရသူ လေးဦးကို ကြိုးပေးကွပ်မျက်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တောင်ဒဂုံနှင့် ဗိုလ်ရာညွှန့်လမ်း ပေါက်ကွဲမှုအပြင် အင်းစိန်၊ ဒလနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်မြို့ခံများက ဆိုသော်လည်း အသေးစိတ် မသိရသေးပေ။
တောင်ဒဂုံမြို့နယ် အင်းဝအိမ်ရာအနီးရှိ ဧရာဝဏ်လမ်းမပေါ်တွင် သေနတ်ပစ်ခတ်သံ ၁၀ ချက်ကျော် ကြားရကြောင်း၊ လူငယ်တစ်ဦး သေဆုံးသည်ဟု သိရကြောင်း၊ နံနက် ၇ နာရီခန့်တွင် အင်းဝအိမ်ရာအနီးရှိ ဂျိုးဖြူလမ်းတွင် ပေါက်ကွဲသံများကြားရကြောင်း အင်းဝအိမ်ရာအနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“မနက် ဘုရားရှိခိုးနေချိန်တုန်းက ဆိုင်ကယ်သံ ကြားလိုက်တယ်။ ပြီးတော့ သေနတ်နဲ့ ပစ်ခတ်တဲ့ အသံ ၁၀ ချက်လောက် တစ်ဆက်တည်းကြားရတယ်။ မနက်ရောက်တော့ လူငယ်တစ်ယောက် ပစ်ခံရပြီး သေတယ်လို့ သိရတာပဲ” ဟု ၎င်းက ပြောသည်။
ပစ်ခတ်ခံရသူ လူငယ်မှာ မိုင်းထောင်ရန်အလာ လိုက်လံဖမ်းဆီးရာမှ ထွက်ပြေးသဖြင့် စစ်တပ်က ပစ်ခတ် သတ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း အမည်မဖော်လိုသူ ထိုအမျိုးသမီးက ဆိုသည်။
ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့က ပေါက်ကွဲမှုများအတွင်း သေဆုံးခဲ့သူ လူငယ်နှစ်ဦးမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်များဖြစ်ကြောင်း ရန်ကုန်ရှိ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြပွဲများတွင် ပါဝင်သူ လူငယ်များကို စစ်တပ်က လိုက်လံဖမ်းဆီးနေရာ လူငယ် ၃၀ ထက်မနည်း အဖမ်းခံထားရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)